Skip to main content

စစ်ကိုင်းပညာရေးတက္ကသိုလ် (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၆

စစ်ကိုင်းပညာရေး တက္ကသိုလ် ၏(၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို စစ်ကိုင်း ခရိုင် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ စစ်ကိုင်းပညာရေး တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)နှင့် ဒုတိယပါမောက္ခချုပ်(သင်တန်း) တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်ကျော်၊ ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ ပညာရေးဒီဂရီ ကောလိပ်များ မှ ကျောင်းအုပ်ကြီးများ၊ DAAD, DIES မှ ကျွမ်းကျင်ပညာရှင် Dr. Maria Flordeliza,Vice President and Dean of Studies of Centro Escolar University Malolos, Philippines တို့ကအွန်လိုင်းဖြင့် တက်ရောက်ခဲ့ပြီး စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ သင်ကြား/စီမံ အရာရှိများ၊ စာတမ်းရှင်များ၊ ဆရာ ဆရာမများနှင့် ပညာရေး ဘွဲ့လွန် ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စစ်ကိုင်းပညာရေး တက္ကသိုလ်၏ (၃၁)နှစ်မြောက် သုတေသန စာတမ်းဖတ်ပွဲတွင် ပညာရေး ဘာသာရပ်များမှ စာတမ်း ၂၁ စောင်၊ ဝိဇ္ဇာဘာသာရပ်များမှ စာတမ်းခြောက်စောင်၊ သိပ္ပံဘာသာရပ်များမှ စာတမ်းအစောင် ၅၀ စုစုပေါင်း ၇၇ စောင် ဖတ်ကြားမည်ဖြစ်၍ စာတမ်းဖတ်ကြားမည့် စာတမ်းရှင် ဆရာ ဆရာမများ အားလုံးအတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ဆရာ ဆရာမ များအားလုံး သုတေသနစာတမ်း များစဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်၊ ပညာရပ်ဆိုင်ရာ အကျိုးပြု၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုး ပြုသုတေသနများ ပေါ်ထွက်လာရေးအတွက် ကြိုးစားဆောင်ရွက်ကြပြီး ပြည်တွင်း၊ ပြည်ပသုတေသန စာတမ်းဖတ်ပွဲများတွင် ပါဝင်ဖတ်ကြားနိုင်အောင် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ယင်းနောက် DAAD, DIES မှ ကျွမ်းကျင်ပညာရှင် Dr. Maria Flordeliza, Vice President and Dean of Studies of Centro Escolar University Malolos, Philippines က သုတေသနသည် တက္ကသိုလ် ဆရာဆရာမများအတွက် မရှိမဖြစ်ဆောင်ရွက် သင့်ကြောင်း၊ (၃၁)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပသော စစ်ကိုင်းပညာရေး တက္ကသိုလ်အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားသည်။

အဆိုပါ သုတေသနစာတမ်း ဖတ်ပွဲကို နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဤတက္ကသိုလ် မှ စာတမ်းဖတ်ကြားသူ ၅၃ ဦးနှင့် အခြားတက္ကသိုလ်များမှ စာတမ်းဖတ်ကြားသူ ၂၄ ဦး ရှိကြောင်း သိရသည်။

 သတင်းစဉ်