နေပြည်တော် နိုဝင်ဘာ ၁၆
(၁၉)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟာလောင်းမြို့တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ် ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့သည်။
အစည်းအဝေးကို “Responsive Social Protection in the Changing World” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံ အလုပ်သမားနှင့် လူမှုရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး က အဖွင့်အမှာစကားပြောကြား၍ အစည်းအဝေးအား စတင်ဖွင့်လှစ်သည်။
နိုဝင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ဆိုင်ရာအစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလနှင့် ကပ်ရောဂါအလွန် ကာလများတွင် အာဆီယံနိုင်ငံအသီးသီး၌ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေး သူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအပေါ်လူမှု ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှု ပံ့ပိုးမှုအခြေအနေများ၊ တိုးတက် ပြောင်းလဲလာသော အခြေအနေများနှင့်အညီ ဆောင်ရွက်ပေးရမည့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် လူမှုဝန်ထမ်းသမား (Social Worker)များ အနေဖြင့် ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များအား အာဆီယံနိုင်ငံအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ UN အဖွဲ့ အစည်းများ၊ INGOs များနှင့် NGOs များ၏ ကိုယ်စားလှယ်များက Panel Discussants များအဖြစ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က Panel Discussant အနေဖြင့် မြန်မာနိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်တွင် ရေးဆွဲခဲ့ပြီးအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ် အောက်ကလေးငယ်များ ထောက်ပံ့ရေး အစီအစဉ်နှင့် အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်အစီအစဉ်တို့အား ၂၀၁၇ ခုနှစ်က စတင်၍ ထောက်ပံ့ခဲ့ရာ လက်ရှိကာလအထိ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အကျိုးခံစားခွင့်ရှိသူများအား စနစ်တကျ စာရင်းသွင်း ဆောင်ရွက်နိုင်ရေးအတွက် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက် စနစ်(Social Management Information System-SMIS)ကို ဝန်ကြီးဌာနများ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်တွင် Software ရေးဆွဲခဲ့ရာ ၂၀၂၃ ခုနှစ် မေ ၁၈ ရက်တွင် စတင်အသုံးပြုနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ SMIS စနစ်တွင် လူမှုဖြစ်ရပ် စီမံခန့်ခွဲမှု သတင်းစနစ်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအတွက် သတင်းစနစ်၊ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အို များအတွက် သတင်းစနစ်နှင့် မသန်စွမ်း သူများအတွက် သတင်းစနစ် စသည့် ကဏ္ဍခွဲများပါရှိပြီး အကျိုးခံစားခွင့်ရှိသူ စုစုပေါင်း ၇၇၆၆၉၈ ဦးကို စာရင်းသွင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)တွင် ပါဝင်သော “ကျေးလက်ဒေသတွင် နေထိုင် သော သက်ကြီးရွယ်အိုများ၏ ဝင်ငွေရရှိမှု အပေါ် ကိုဗစ်-၁၉ ရောဂါ၏ အကျိုး သက်ရောက်မှုဆိုင်ရာ သုတေသန”ကို မြန်မာနိုင်ငံက ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် Social Worker များနှင့် Voluntary Social Worker များမွေးထုတ် ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။
(၁၉)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကို နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး (၁၈)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်း နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ+၃ နိုင်ငံများ အစည်းအဝေးကို နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
သတင်းစဉ်
