Skip to main content

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်အခြေအနေများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အစီ အမံများရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၆

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ကြီးမှူး၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အထောက်အပံ့ဖြင့် ပြုလုပ်သော ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ အားလုံးပါဝင်၍ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်အခြေအနေများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အစီအမံများရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) နေပြည်တော်၌ကျင်းပရာ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း တက်ရောက်အမှာ စကားပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်နယ်ပယ်မှ ဆရာဝန်များနှင့် အရာထမ်းများ၊ ဆေးတက္ကသိုလ်များ၊ ဆေးနှီးနွှယ်တက္ကသိုလ်များနှင့် သူနာပြုသင်တန်းကျောင်းများမှ ဆရာဝန်များ၊ သွားဘက် ဆိုင်ရာဆရာဝန်များ၊ သူနာပြုများနှင့် တိုင်းရင်းဆေးပညာရှင် ဆရာဆရာမများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်တာ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်၏ အမျိုးသားကျန်းမာရေးမြှင့်တင်မှု အခန်းကဏ္ဍတွင် အရေးကြီးသောကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအခြေအနေ၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ဆွေးနွေးပြီး အမျိုးသားကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် မူဝါဒနှင့် လိုက်လျောညီထွေရှိသော အနာဂတ်အစီအမံများ ချမှတ်နိုင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်