Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒက္ခိဏသီရိမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်း လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း တတိယနေ့ ဆက်လက်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁၆

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် MEVM စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တတိယနေ့အဖြစ် ဆက်လက်ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ရွာမကျေးရွာအုပ်စု ချိုင်းကျေးရွာအုပ်စုနှင့် ရန်အောင်မြင်ကျေးရွာ အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများက MEVM စက်တည်ဆောက် ပုံအကြောင်းအရာများ၊ အသုံးပြု ပုံနည်းလမ်းများ၊ စက်နှင့်စပ်လျဉ်းသည့် အချက်အလက်များကိုအသေးစိတ် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ကြပြီး အခြားသော စိတ်ပါဝင်စားသူ မဲဆန္ဒရှင်ပြည်သူများသည်လည်း ရုံးချိန်အတွင်း မဲပေးစက်ဖြင့် ဝင်ရောက်ဆန္ဒပြု စမ်းသပ်မဲပေးခဲ့ကြသည်။

စမ်းသပ်မဲပေးရာတွင် မဲဆန္ဒ ရှင်ပြည်သူများသည် မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေး စက်မှထုတ်ပေးသည့် မဲရလဒ် စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များ တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ်မှန်မမှန် စိစစ်ခြင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ စိတ်ကျေနပ်မှု ရရှိသည်အထိ ဆောင်ရွက်ခဲ့ကြသည်။        

သတင်းစဉ်