နေပြည်တော် နိုဝင်ဘာ ၁၆
၂၀၂၃ ခုနှစ် ရပ်ဝန်းနှင့် ပိုးလမ်းမဘေးအန္တရာယ် လျှော့ချရေးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီး များအဆင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဖိုရမ် (The 2023 Belt and Road Ministerial Forum for International Cooperation in Disaster Risk Reduction and Emergency Management) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဦးဆောင်၍ Online မှတစ်ဆင့် ယနေ့တွင် ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက် မိန့်ခွန်းပြောကြားသည်။
အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ၇၉ နိုင်ငံတို့မှ သဘာဝဘေးအန္တရာယ် လျော့ကျရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ အရေးပေါ်ကယ်ဆယ်ရေး တို့နှင့် သက်ဆိုင်သည့် တာဝန်ရှိဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့် UN အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဖိုရမ်ဖွင့်ပွဲတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ သဘာဝဘေးအန္တရာယ်များသည် မိမိတို့၏ လူမှုအသိုက်အဝန်းများအပေါ် သိသာထင်ရှားသည့် ခြိမ်းခြောက်မှုများအဖြစ် များပြားလှသော အသက်ဆုံးရှုံးမှုများ၊ အခြေခံအဆောက်အအုံများကို ပျက်စီးစေမှုများနှင့် လူမှုအသိုက်အဝန်းဖွဲ့စည်းပုံအား အနှောင့်အယှက်ဖြစ်စေမှုတို့ကို ဖြစ်ပေါ်စေကြောင်း။
ပူးပေါင်းဆောင်ရွက်ခြင်းသည် ထိရောက်သော အရေးပေါ်စီမံခန့်ခွဲမှု၏ အဓိကအချက် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသည့် ရှုပ်ထွေးသောစိန်ခေါ် မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရအေဂျင်စီများ၊ ပုဂ္ဂလိကကဏ္ဍများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများအကြား ဘက်ပေါင်းစုံအရေးပေါ် ကူညီကယ်ဆယ်ရေးစီမံချက်များရေးဆွဲခြင်းနှင့် အကောင်းဆုံးအလေ့အထများကို မျှဝေခြင်းများဖြင့် အထိရောက်ဆုံး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အရေးကြီးကြောင်း။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ အလုံးစုံချဉ်းကပ်မှုကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်အလုပ်ရှင်များ၊ အလုပ်သမားများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်သူများ (stakeholders) အားလုံးနှင့် တက်တက်ကြွကြွ ထိတွေ့ဆက်ဆံသွားမည်ဖြစ်ပြီး ခိုင်မာသောဘေး အန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာကြုံတွေ့လာနိုင်မည့် အန္တရာယ်များ လျော့ပါးစေရေး အဆင့်မြင့်နည်းပညာများကို လက်ခံ ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
“ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးသည်သာပထမ” ဆိုသည့်နိယာမကို လက်ကိုင်ထားခြင်းအားဖြင့် အနာဂတ်၏ စိန်ခေါ်မှုများကို ကောင်းမွန်စွာ ရင်ဆိုင်နိုင်သည့် ခံနိုင်ရည်ရှိသော အသိုက်အဝန်းများတည်ဆောက်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ အရေးပေါ်စီမံခန့်ခွဲမှု စွမ်းရည်မြှင့်တင်ရေး၊ မိမိတို့နိုင်ငံသားများ၏ အသက် အိုးအိမ်စည်း စိမ်များအား လုံခြုံစိတ်ချစေရေးတို့အတွက် စုစည်းလုပ်ဆောင်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ဖိုရမ်အခမ်းအနားကို ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ပထမကောင်စီအစည်းအဝေး (First Council Meeting)ဟူ၍ အပိုင်း(၃)ပိုင်းဖြင့် ကျင်းပသွားမည် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအကြား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအပါအဝင် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်နိုင်မည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်