နေပြည်တော် နိုဝင်ဘာ ၁၆
အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဆပ်ပြာရည်ထုတ်လုပ်ခြင်း သင်တန်း၊ Bakery မုန့်ပြုလုပ်နည်း သင်တန်းဆင်းပွဲနှင့် ထူးချွန်သူများ လုပ်ငန်းသုံး ပစ္စည်းများပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမ၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယခုလယ်ဝေးမြိုနယ် မြို့ကုန်းကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်သင်တန်းအတွက် သင်တန်းသား တစ်ဦးလျှင်ငွေကျပ် ၁၂ ဒသမ ၅၁၅၂ သိန်းကျော်နှင့် ညီမျှသော လုပ်ငန်းသုံးပစ္စည်း စုစုပေါင်း ငွေကျပ် ၆၂ ဒသမ ၅၇၆ သိန်း တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အလားတူ လယ်ဝေးမြို့နယ် ပေါက်မြိုင် ကျေးရွာတွင်ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းအတွက် သင်တန်းသားတစ်ဦး လျှင် ငွေကျပ် ၁၂ ဒသမ ၃၇၈ သိန်းနှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်း စုစုပေါင်းငွေကျပ် ၆၁ ဒသမ ၈၉ သိန်းတန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခုသင်တန်းမှ လုပ်ငန်းသုံး ပစ္စည်းများ အသုံးပြုခွင့်ရရှိသည့် ထူးချွန်သူ သင်တန်းသား များနေဖြင့် ရရှိသည့် အခွင့်အရေးကို အကျိုးရှိရှိ အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ကာ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ပေါ်စေရေး ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသားများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ကြရာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနစားရိပ်သာများတွင် ဝန်ထမ်းများ နေ့လယ်စာစားသုံးနေမှုကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်