နေပြည်တော် နိုဝင်ဘာ ၁၅
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှု ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြေပြင်ကွင်းဆင်းစာရင် းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ ရုံးပိတ်ရက်များမပါ ရက်ပေါင်း ၂၀ သတ်မှတ်၍ မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များဖြင့် ကောက်ယူရရှိခဲ့သည့် စာရင်းဇယား၊ အချက်အလက်များကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မှတ်တမ်းများစုစည်း၍ မြို့နယ်ဦးစီးမှူးရုံးရှိ ရုံးလက်ခံများနှင့် တိုက်ဆိုင်စိစစ်ပြီး အွန်လိုင်းစနစ်ဖြင့် ရုံးချုပ်ရှိ e-ID Server အတွင်းရှိ အချက်အလက်များဖြင့် တိုက်ဆိုင်စိစစ် ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ စာရင်းကောက်ယူမှုအနေဖြင့် e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး ကောက်ယူခဲ့သည့် အိမ်ထောင်စု ၁၂ ဒသမ ၁ သန်းကျော်၊ လက်ရှိဒေသ၌ အိမ်ထောင်စုစာရင်းမရှိ သဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈သန်းကျော်၊ စုစုပေါင်းအိမ်ထောင်စု ၁၄ ဒသမ ၉ သန်းကျော် ကောက်ယူပြီးစီးပြီဖြစ်ရာ ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ပါကြောင်း။
ဆောင်ရွက်ပေးမည်
ယင်းတို့အနက် အလွတ်ပုံစံများ ဖြင့်ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော်တွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အမှန်တကယ်ရရှိကိုင်ဆောင်ခြင်း ရှိ/မရှိ ပြန်လည်စိစစ်ပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးအပ်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဖွဲ့စည်းထားသည့် ငါးဦးကော်မတီဖြင့် အသေးစိတ် စိစစ်အတည်ပြုကာ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ မဖြစ်မနေ ဆောင်ရွက်ထုတ်ပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ညှိနှိုင်းပေါင်းစပ်ကြပ်မတ်ဆောင်ရွက် ပေးကြရန် အရေးကြီးပါကြောင်း၊ ထို့ပြင် အမျိုးသားမှတ်ပုံတင်ကတ်ပြားကိုင်ဆောင်ထားသူများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ်နှင့် အထက်ရှိသည့် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်း မရှိသူများ၊ အချက်အလက်ကွဲလွဲနေသူများအား စနစ်တကျတိုက်ဆိုင်စိစစ်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။
အချိန်မီပြီးစီးအောင်မြင်ရေး
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များသည် ရွေးကောက်ပွဲ စတင်ကျင်းပချိန်မှသာ ပြီးဆုံးမည်ဖြစ်သည့်အတွက် မပြီးပြတ်သေး သည့်လုပ်ငန်းများကို အချိန်မီပြီးစီးအောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ မြေပြင်ကွင်းဆင်းကောက်ယူရေးနှင့် ပန်းခင်းစီမံချက် လုပ်ငန်းစဉ်များဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးနှင့် ပန်းခင်းစီမံချက်လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ဗဟိုကော်မတီမှ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟို ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် ဌာနအလိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်