Skip to main content

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာများနှင့် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ် ဧရိယာ ၃၄၈၅ ဒသမ ၇၈ စတုရန်းပေအား ရွှေစင်ရွှေပြား ကပ်လှူမည်ဖြစ်သည့်အတွက် စုစုပေါင်း ရွှေစင် ၃၇ ပိဿာ ၅၈ ကျပ်သားခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ပြည်သူများ ပါဝင်လှူဒါန်းနိုင်ရန်နှင့် လိုအပ်သော ရွှေစင်ရွှေပြားနှင့် အလှူတော်ငွေများရရှိရန် သတင်းစာများ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ အသိပေးနှိုးဆော်သွားရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ ကြည်ညိုဖွယ်ဖြစ်စေရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခင်ကပ်လှူခဲ့သည့်အတွေ့အကြုံများကို အခြေခံပြီး အားနည်းချက်၊ အားသာချက်များ ဖော်ထုတ်ကာ လုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ထားမှုကိုလည်းကောင်း၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင် ဦးထွန်းကြည်က ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေးအတွက် ယခင်ကပ်လှူခဲ့သည့် အတွေ့အကြုံများနှင့် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်