နေပြည်တော် နိုဝင်ဘာ ၁၄
၂၀၂၃ ခုနှစ် “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ ကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်ပြီးသူ ၁၀ ဦးတွင် တစ်ဦးသည် ဆီးချိုသွေးချိုရောဂါ ခံစားနေရပြီး ဆီးချိုသွေးချိုရောဂါကြောင့် နှစ်စဉ် လူဦးရေနှစ်သန်းခန့် အသက်ဆုံးရှုံးနေရကြောင်း၊ ဆီးချိုသွေးချိုရောဂါရှိနေသူ ၅၀ ရာခိုင်နှုန်းခန့်သည် ၎င်းတို့ကိုယ်တိုင် ရောဂါဖြစ်ပွားနေမှန်း မသိရှိကြကြောင်း၊ ဖြစ်ပွားသေဆုံးမှု မြင့်မားလာသည့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်ထိန်းချုပ်ရန်နှင့် ရောဂါအန္တရာယ် အသိပညာပေးခြင်းကို မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှစတင်၍ နှစ်စဉ် နိုဝင်ဘာ ၁၄ ရက်တိုင်း “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day)” အထိမ်းအမှတ် အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ ‘Know your risk, Know your response’ ဖြစ်ပြီး မြန်မာဘာသာဖြင့် “ဆီးချို သွေးချိုအန္တရာယ် ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိဆင်ခြင်စို့” ဟု သာသာပြန်ဆိုထားကြောင်း၊ ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုမှ မိမိတို့တွင် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်အခြေအနေကို သိရှိနားလည်၍ အချိန်မီစစ်ဆေးကုသမှုများ ရယူရန်ဖြစ်ပါကြောင်း။
အသက် (၄၅) နှစ် ကျော်လာလျှင် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများလာသည်ကို တွေ့ရှိရကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆီးချိုသွေးချိုရောဂါ မဖြစ်ပွားစေရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံကို ကျင့်သုံးရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူလူထု၏ ကျန်းမာရေးမြှင့်တင်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံမှ အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် ကုသမှုရရှိစေရန်နှင့် ဆီးချိုသွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာ မြင့်မားစေရန်အတွက် Center of Excellence for Diabetes များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်၌ရှိသည့် ဆေးရုံကြီးလေးခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတွင် ဖွင့်လှစ်၍ ခေတ်မီနည်းပညာကုထုံးများဖြင့် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ဒေသန္တရကျန်းမာရေးဌာနများနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနများတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်း ၇၄၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ အခြေခံကျန်းမာရေးဝန်ထမ်းများက ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသပေးခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကိုလည်း နိုင်ငံတော်မှ အခမဲ့ စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားသေဆုံးမှုနှင့် ရောဂါနောက်ဆက်တွဲ လူမှုစီးပွားဒုက္ခများကို ရှောင်ရှားနိုင်ရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ပြည်သူလူထုအနေဖြင့် ယခုနှစ် “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်ဆောင်ပုဒ်နှင့်အညီ ရောဂါအန္တရာယ်ကို ကိုယ်တိုင်သိရှိနားလည်ပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင်ပြုမူကာ လိုအပ်သော စစ်ဆေးကုသမှုများကို အချိန်မီရယူရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်း အနားပြခန်းငယ်အား လှည့်လည်ကြည့်ရှုသည်။ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ ဆီးချိုသွေးချိုရောဂါရှိသော ဝန်ထမ်းများအား စစ်ဆေးကုသပေးခြင်းနှင့် မိမိဆန္ဒအလျောက် ဆီးချိုသွေးချိုရှိ မရှိ စစ်ဆေးလိုသည့် အသက် (၄၀)နှစ် နှင့်အထက် ဝန်ထမ်းများကို စစ်ဆေးပေးခြင်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခ/ ဌာနမှူးများ၊ အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
