နေပြည်တော် နိုဝင်ဘာ ၁၅
မစ္စစ်အေယာဆာအဒ် မိုဟာမက်အာဘ်ဒယ်ကာရင်အား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အီဂျစ်အာရပ်သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။
မစ္စစ်အေယာဆာအဒ်မိုဟာမက် အာဘ်ဒယ်ကာရင်သည် ၁၉၈၉ ခုနှစ်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုတက္ကသိုလ်မှ စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံဘွဲ့ကိုလည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ France Institut Internationale d’Administration Publique မှ နိုင်ငံတကာဆက်ဆံရေး ဒီပလိုမာကိုလည်းကောင်းရရှိခဲ့သည်။ ၎င်းသည် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ၁၉၉၂ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ဌာနချုပ်နှင့် ပြည်ပရှိ အီဂျစ်သံရုံးများတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်များထမ်းဆောင်ခဲ့သည်။ မစ္စစ်အေယာဆာအဒ် မိုဟာမက်အာဘ်ဒယ်ကာရင်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန နည်းပညာဌာနတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဥပဒေဌာနတွင် သံမှူးအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နိုင်ငံတကာ ညီလာခံများဌာနတွင် ဒုတိယလက်ထောက်အဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်ပတာဝန်ထမ်းဆောင်မှုများအဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ဟန်ဂေရီနိုင်ငံ အီဂျစ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကူဝိတ်နိုင်ငံရှိ အီဂျစ်သံရုံးတွင် သံမှူးအဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အထိ ဆားဘီးယားနိုင်ငံရှိ အီဂျစ်သံရုံးတွင် သံအမတ်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မောရစ်ရှပ်နိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီးအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်မှစတင်၍ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဥရောပသမဂ္ဂဆိုင်ရာ ဒုတိယလက်ထောက်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
သတင်းစဉ်
