ရန်ကုန် - မန္တလေးရထားလမ်းမကြီး၏ ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာအကြား မိုင်တိုင် ၈၅/၁-၂ ရှိ တံတားအမှတ်(၁၁၆/A) အနီး ယနေ့နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်များက ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်စီးမှုကြောင့် တံတားအစွန်ကွန်ကရစ်ခုံ ၃ ပေပတ်လည်ခန့်ပျက်စီးခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ တံတားပေါ် သံလမ်းနှစ်ခုကြား ပလပ်စတစ်ကော်ပုံးနှင့်ထည့်ထားသည့် လက်လုပ်မိုင်း (၃)လုံးနှင့် တံတားအောက်တွင် လက်လုပ်မိုင်း(၄)လုံးအား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။
မိုင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း ပျက်စီးသွားသောရထားလမ်းအား ပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရထားသွားလာမှုကို ထိခိုက်မှုမရှိသော အစုန်လမ်းမှ ဆက်လက်စေလွှတ်ပေးခဲ့ပြီးဖြစ်ပါသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/တွေ့ရှိခြင်း(၁၂၈)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း(၄၆)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့်ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေမြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင်ရထားစက်ခေါင်း၊ တွဲများနှင့်ခရီးသည်များ၊ ကုန်စည်များထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့်ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ်ကျူးလွန်နေကြသောကြောင့် အဆိုပါအကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းသတင်းရရှိသည်။
မြန်မာ့မီးရထား