Skip to main content

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၄

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံ လျက်ရှိကြသည်။

ထိုသို့ အားပေးထောက်ခံလျက်ရှိရာ ယနေ့နက်ပိုင်းက မန္တလေးမြို့အတွင်းရှိ ငြိမ်းချမ်းရေးကိုလိုလားသည့် သံဃာတော်များနှင့် ပြည်သူများစုစည်း၍ တိုင်းပြည်အလုံးစုံပျက်စီးရေး လုပ်ဆောင်နေကြသည့် KIATNLAMNDAAAABPLA နှင့် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး  နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံအားပေးပွဲကို ကျင်းပပြုလုပ်သည်။

ဦးစွာ မန္တလေးမြို့အတွင်းရှိ ငြိမ်းချမ်းရေးကိုလိုလားသည့် သံဃာတော်များနှင့် ပြည်သူအင်အား (၂၀၀၀) ကျော်သည် စုရပ်နေရာဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ကျောက်တော်ကြီးဘုရားရှေ့၊ ၆၆ လမ်းပေါ်တွင် စုစည်း၍ ၎င်းမှတဆင့် နန်းမြို့၊ ကျုံးဘေး ၁၂ လမ်းတစ်လျောက်၊ ထိုမှတဆင့် ၇၃ လမ်းအတိုင်း၊ ၎င်းမှတဆင့်  မန္တလေးတောင်ခြေရှိ ရွှေမန်းတောင် လူငယ်အားကစားလေ့ကျင့်ရေးစခန်းကွင်းအတွင်းသို့ ချီတက်၍ လမ်းတစ်လျောက် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး တပ်မတော်သားများအား ထောက်ခံအားပေးသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ ဆန္ဒထုတ်ဖော်ကြသည်။

ထို့နောက် ရွှေမန်းတောင် လူငယ်အားကစားလေ့ကျင့်ရေးစခန်းကွင်းအတွင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက နိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆိုကာ ထောက်ခံပွဲကိုဖွင့်လှစ်ခဲ့ပြီး အစွန်းရောက် အကြမ်းဖက်သမားများ၏ ယုတ်မာကောက်ကျစ်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ရှင်းလင်းဟောပြောခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

၎င်းနောက် “ နယ်မြေတည်ငြိမ်အေးချမ်းရေး (ဒို့အရေး-ဒို့အရေး)၊  တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြသည့် KIATNLAMNDAAAABPLA နှင့် PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ NCA ကိုဆန့်ကျင်ပြီး အကြမ်းဖက်အဖျက်အမှောင့် လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအား(ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ အကြမ်းဖက်အစွန်းရောက်လုပ်ရပ်များ(အလိုမရှိ)၊ အပြစ်မဲ့သံဃာနှင့်ပြည်သူများအပေါ် ယုတ်မာကောက်ကျစ်မှုများ (အလိုမရှိ)၊ နိုင်ငံတော်ထိခိုက်မည့် အကြမ်းဖက်လုပ်ရပ်မှန်သမျှ(ဆန့်ကျင်ကျ)၊ တပ်နှင့်ပြည်သူအတူတူ သွေးခွဲလာသူ(ဒို့ရန်သူ-ဒို့ရန်သူ)၊ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးထောက်ခံသူများ(ဆန့်ကျင်ကျ)၊ နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေသည့် ပြည်ပအားကိုး ဒေါ်လာစားပြည်ဖျက်လောက်ကောင်များအား (ဆန့်ကျင်ကျ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (အောင်ရမည်-အောင်ရမည်)၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား (ထောက်ခံပါသည်-ထောက်ခံပါသည်)၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ပေးသော မြန်မာ့တပ်မတော်အား အပြည့်အဝ (ထောက်ခံပါသည်-ထောက်ခံပါသည်) ဟူသော ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အဆိုပါပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလို တင်ပြလိုက်ပါသည်-

ပြည်သူတစ်ဦး

ရှေ့တန်းရောက်တပ်မတော်သားတွေနဲ့အတူ တစ်သားတည်းရှိနေပါတယ်ဆိုတာ ပြောချင်ပါတယ်။ ကိုယ်ကိုယ်တိုင် လက်နက်ကိုင်ခွင့်မရလို့သာ နောက်တန်းမှာ ဒီလိုမျိုးထောက်ခံပြီးမှ အားပေးနေရခြင်းဖြစ်ပါတယ်။ လက်နက်ကိုင်ခွင့်သာရခဲ့မယ်ဆိုရင် သူတို့နဲ့အတူ တိုက်ပွဲဝင်မှာပါ။

ပြည်သူတစ်ဦး

မြန်မာ့တပ်မတော်ကြီးကို ချစ်မြတ်နိုးပါတယ်။ မြန်မာ့တပ်မတော်သားတွေနဲ့အတူ ရပ်တည်နေမှာပါ။ အသက်၊ ခန္ဓာတွေ၊ သွေးတွေပေးဆပ်ထားတဲ့ မြန်မာ့တပ်မတော်ကြီးကို အမြဲတမ်း ထောက်ခံအားပေးပြီး မြန်မာ့တပ်မတော်သားတွေကို လက်နက်မရှိဘဲနဲ့ ရင်ဘတ်နဲ့ အသည်းနှလုံးတို့နဲ့ အကာအကွယ် ပေးသွားမယ်ဆိုတာကို သစ္စာပြုပါတယ်ရှင်။

ပြည်သူတစ်ဦး

တပ်မတော်သားတွေက ကျွန်တော်တို့အတွက် အသက်ကိုပေးပြီးတော့ ကျွန်တော်တို့ပြည်သူလူထုတွေကို ကာကွယ်စောင့်ရှောက်ပေးနေပါတယ်။ တိုင်းပြည်ရဲ့ အဓိကမဏ္ဍိုင်ကြီးဖြစ်တဲ့ မိသားစုနိုင်ငံတော်ကြီး မပြိုကွဲဖို့အတွက် ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လုပ်ဆောင်ပေးနေတဲ့အချိန်မှာ ကျွန်တော်တို့က နှလုံးသားနဲ့ အသံနဲ့ပေးနေရခြင်းဖြစ်ပါတယ်။

ပြည်သူတစ်ဦး

ရှေ့တန်းရောက် တပ်မတော်သားတွေနဲ့ အတူတူရှိပါတယ်။ လိုအပ်ရင် တိုက်ဖို့အသင့်ပါ။

အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် မျိုးချစ်ရဟန်းနှင့် ပြည်သူ ၁၅၀၀ ဦးခန့်သည် ပြင်ဦးလွင်မြို့ ခရိုင်အားကစာကွင်းတွင်လည်းကောင်း၊ မိတ္ထီလာမြို့တွင် မျိုးချစ်ရဟန်းနှင့်ပြည်သူ ၁၄၈၅ ဦးခန့်သည် မိတ္ထီလာမြို့ ခရိုင်အားကစာကွင်းတွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မျိုးချစ်ရဟန်းနှင့် ပြည်သူ ၈၅၀ ဦးခန့်သည် မကွေးမြို့ ခရိုင်အားကစာကွင်းတွင်လည်းကောင်း တိုင်းပြည်အလုံးစုံပျက်စီးရေး လုပ်ဆောင်နေကြသည့် KIATNLAMNDAAAABPLA နှင့် PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံအားပေးပွဲကို အသီးသီး ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။