နေပြည်တော် နိုဝင်ဘာ ၁၄
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပြည်မြို့ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်၌ အခြေပြု၍ ပြည်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၁၈၂ ဦး၊ ခွဲစိတ်ရောဂါ ၅၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၃ ဦး၊ ကလေးရောဂါ ၂၃ ဦး၊ အရိုးရောဂါ ၈၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၇ ဦး၊ မျက်စိရောဂါ ၈၄ ဦးနှင့် သွားရောဂါ ၃၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၃ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၁ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၃၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၇ ဦး စုစုပေါင်း ၅၁၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရသည်။
ဦးဝင်းကြိုင်(ခရိုင်တပ်ဖွဲ့မှူး၊ ပြည်ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
ကြက်ခြေနီဟာ နိုင်ငံတော်ရဲ့ အရန်အင်အားဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အထောက်အကူများ လိုအပ်လာရင် အချိန်မရွေးအမြဲတမ်းပဲ အသင့်ရှိပါတယ်။ အခုလည်းကျွန်တော်တို့ နယ်လှည့်ဆေးကုသရေးအဖွဲ့လာတယ်ဆိုတော့ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့အတွက် ပြည်ခရိုင်နဲ့ ပြည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က တပ်ဖွဲ့ဝင်အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး ငါးဦး အားလုံးပေါင်း ၁၂ ဦး ဒီမှာလာပြီးတော့ မနေ့ကတည်းက ကူညီနေတာဖြစ်ပါတယ်။ ကြက်ခြေနီတပ်ဖွဲ့အနေနဲ့ပဲ ပြောပြော၊ ပြည်သူတစ်ယောက်အနေနဲ့ပဲပြောပြော၊ ကျွန်တော်တို့ ပြည်သူလူထုတွေက ဆေးကုသမှုအခက်အခဲအများကြီးရှိတယ်။ တချို့ဆို ပါရဂူတွေကို မပြနိုင်ဘူးပေါ့။ ဒီလိုတပ်မတော်ကလာပြီး ဆေးကုသပေးတဲ့အတွက် ပြည်သူတွေရဲ့ကိုယ်စား၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုများ ကိုယ်စား၊ ပြည်သူအားလုံးရဲ့ ကိုယ်စားကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။
အခုလို လာရောက်ကုသပေးတဲ့အတွက် ကျွန်တော်တို့ လွယ်လွယ်ကူကူနဲ့ ဆေးတွေကုသရတယ်။ ဆေးတွေလည်း အလကားရတယ်။ အပြင်မှာဆိုရင် တချို့ဆေးထိုးဖို့တောင်မလွယ်တဲ့ မိသားစုတွေရှိနေတဲ့ အချိန်ကာလမျိုးမှာ အခုလိုလာရောက်ပြီးတော့ ကုသပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။ ဝမ်းလည်း သာပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ ရည်ရွယ်ချက်က ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ရည်ရွယ်ချက်ကြီးတစ်ခုရှိပါတယ်။ အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းစဉ်သုံးခုရှိပါတယ်။ ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်နဲ့ ဘေးဒုက္ခကျရောက်သူများကို ကူညီရန်ဆိုတဲ့ လုပ်ငန်းစဉ်သုံးခုနဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင်လို့ ကျွန်တော်တို့မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဆောင်ရွက်နေတာဖြစ်ပါတယ်။ တပ်မတော်အကြီးအကဲကိုလည်း ပြည်သူလူထုတွေရဲ့ ဆင်းရဲဒုက္ခတွေကို ကူညီပေးလို့ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကြားတာဆိုရင် ဧရာဝတီမြစ်ရိုးတစ်လျှောက် တော်တော်များများ မြို့တွေဝင်လာခဲ့တာပေါ့နော်။ အဲဒီအတွက် တပ်မတော်အကြီးအကဲကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ပြည်သူလူထုတွေကို စောင့်ရှောက် ပေးတဲ့အတွက်၊ ကာကွယ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါ တယ်လို့ ဒီနေရာကနေ ပြည်သူလူထုကိုယ်စား ပြောလိုပါတယ်။ ကျေးဇူးလည်း အထူးတင်ပါတယ်။
ဦးသောင်းအေး (နဝင်းရပ်ကွက်၊ ပြည်မြို့)
ကျွန်တော်ရောဂါက ကျောအောင့်တယ်၊ ဗိုက်ကနာတယ်။ အဲ့ဒါကို ဆရာဝန်နဲ့ပြတယ်။ ပြပြီးတော့ ကျောအောင့်တာ သက်သာပြီး ဆီးချုပ်သွားတယ်။ ဆီးချုပ်သွားလို့ အခုဆေးအဖွဲ့ကိုလာပြီး ကုသမှုခံယူတာဖြစ်ပါ တယ်။ ရပ်ကွက်ထဲက လူတွေက ဒီမှာတပ်မတော်က ဆေးကုသမှုအဖွဲ့တွေ ရောက်နေတယ်။ အဲဒါသိတာနဲ့ ဒီနေ့လာတာပါ။ ဆရာဝန်တွေက ဆေးတွေစစ်တယ်။ ဆေးကုသထားတဲ့ မှတ်တမ်းတွေကို ကြည့်တယ်။ ကြည့်ပြီးတော့ ဒါလိုတယ်။ ဒါကမလိုဘူး။ သူတို့ပေးတဲ့ ဆေးတွေအခုကျွန်တော် သောက်ရမှာပါ။ ကျွန်တော်က ဆီးကျိတ်ရှိတယ်။
ဒါမျိုးက အမြဲတမ်း လူတိုင်းလူတိုင်းက မျှော်လင့်တောင့်တနေတာ။ နေ့တိုင်းနေ့တိုင်း ရပ်ကွက်တိုင်းကို ဒီလိုလာရင် ကျွန်တော်တို့က ပိုပြီးတော့ သဘောကျလေးပဲလေ။ ဘာလို့လဲဆိုတော့ မရှိဆင်းရဲသားတွေက အများကြီးရှိတယ်။ အဲဒီလို လူမျိုးတွေက ဒါမျိုးကို ကျွန်တော်တို့မျှော်ပြီး အားကိုးနေရတာ။ ဆေးခန်းသွားမယ်ဆိုလည်း ဈေးတွေက သိတဲ့အတိုင်းပဲလေ အလွန်ကြီးတာကို။ တပ်မတော်အကြီးအကဲတွေကိုလည်း ဒါမျိုးလေးအမြဲတမ်း လာနေမယ်ဆိုရင်တော့ ကျွန်တော်တို့ သဘောကျတာပေါ့။
သတင်းစဉ်
