Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကရင်ပြည်နယ်အတွင်း သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ထားမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဘားအံ နိုဝင်ဘာ ၁၃

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးနှင့် သတ္တုတွင်းဦးစီးဌာနရုံးတို့သို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းကလည်း ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်ထောင်စုရိပ်သာဧည့်ခန်းမ၌ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တွေ့ဆုံ၍ ပြည်နယ်အတွင်းရှိ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ကြည့်ရှု

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့နယ် သစ်တောဦးစီးဌာနရုံးသို့သွားရောက်၍ ပြည်နယ်သစ်တောဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားပြီး မြို့မပျိုးဥယျာဉ်အတွင်း ပျိုးပင် ၂၅၀၀၀ ကျော် ပျိုးထောင်ထားရှိမှုနှင့် ဆက်လက်ပျိုးထောင်မည့် ပျိုးပင် ၈၀၀၀၀ အတွက် ပြင်ဆင်ထားမှုအခြေအနေကို ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့သစ်လုပ်ငန်းပြည်နယ်ရုံး၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ပြည်နယ်အတွင်းရှိ ဦးစီးဌာန/လုပ်ငန်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ သဘာဝသယံဇာတအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန်၊ သားစဉ်မြေးဆက်လက်ဆင့်ကမ်းနိုင်ရေးအတွက် ရေရှည်တည်တံ့သောနည်းလမ်းဖြင့် နိုင်ငံတော်၏ သဘာဝသယံဇာတအရင်းအမြစ်များကို စီမံဆောင်ရွက်သွားရန်နှင့် သစ်တောဖုံးလွှမ်းမှုပြန်လည်ကောင်းမွန်လာစေရန် သဘာဝသစ်တောများထိန်းသိမ်းခြင်း၊ စိုက်ခင်းများတည်ထောင်ခြင်း၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်း၊ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်း၊ တရားမဝင်သစ်နှင့် သတ္တုထုတ်ယူခြင်းများ တားဆီးရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းရှင်းစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လိုကြောင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့နယ်ရှိ လင်းနို့ဂူသို့သွားရောက်၍ လင်းနို့ဂူထိန်းသိမ်းကာကွယ်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တိုးချဲ့ဖွဲ့စည်းရန် ရည်ရွယ်ထားသည့် ရသေ့ပျံဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ ၄၂၆ ဧကနှင့် ကော့ဂွန်းဂူဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေဧက ၁၁၀ ၏ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့ရှိ မြို့ပြသစ်တော (Urban Forest) အနေဖြင့် တည်ထောင်ထားသော ဘားမဲတောင်သဘာဝဥယျာဉ်သို့ သွားရောက်၍ ဥယျာဉ်အတွင်းရှိ သစ်ပင်များထိန်းသိမ်းကာကွယ်ထားမှု၊ ဒေသခံပြည်သူများ သစ်တောသစ်ပင်၏ အကျိုးကျေးဇူးကို သိရှိပြီး မြို့ပြလူနေထိုင်မှုဘဝအတွက် အပန်းဖြေနိုင်သည့်နေရာအဖြစ် ဆောင်ရွက်ထားမှုအခြေအနေကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်