ရန်ကုန် နိုဝင်ဘာ ၁၃
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ နောင်တော်ကြီး စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်များတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံးဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။
ငါးပါးသီလ ခံယူဆောက်တည်
ဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယနိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နောင်တော်ကြီးစေတီ ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းနှင့်စပ်လျဉ်း၍ ဩဝါဒခံယူခြင်းစာတမ်းကို ဖတ်ကြားလျှောက်ထားသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများက ဩဝါဒကထာများမိန့်ကြားတော်မူကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယအဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး ဆရာတော်ကြီးများကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ကြည့်ရှုစစ်ဆေး
ဩဝါဒခံယူပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဂေါပကအဖွဲ့ဝင်များနှင့်အတူ ရွှေတိဂုံစေတီတော်၏ နောင်တော်ကြီးစေတီတော်မျက်ပါး ရွှေသင်္ကန်းတော်ကပ်လှူမည့်အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ နောင်တော်ကြီး စေတီတော်နှင့် အရံစေတီများအားလုံးတော်ပြည့် ရွှေသင်္ကန်းပြန်လည်ဆက်ကပ်မည်ဖြစ်ပြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလှူရှင်များအနေဖြင့် မိမိတို့၏ကုသိုလ်များ ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ပါကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က နှိုးဆော်ထားကြောင်း သိရသည်။
သတင်းစဉ်
