နေပြည်တော် နိုဝင်ဘာ ၁၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် ပျဉ်းမနားမြို့နယ်၌ ပဉ္စမနေ့အဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။
ရှင်းလင်းဆွေးနွေး
ဦးစွာ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကာ မဲပေးစက်၏ထိန်းချုပ်စက် (Control Unit) ကို မဲဆန္ဒရှင်များကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
စမ်းသပ်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအနေဖြင့် အချိန်တိုအတွင်း မဲပေးစက်ကို နည်းစနစ်တကျကိုင်တွယ်နိုင်ပြီး မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာမဲပေးနိုင်ခြင်း၊ မဲရလဒ်များသည်လည်း မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲမရှိတော့ခြင်း၊ မဲမသမာမှုမပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းတို့ကို လက်တွေ့သိရှိခဲ့ရကြောင်းနှင့် နည်းပညာခေတ်၌ ဒီမိုကရေစီစံနှုန်းများနှင့်အညီ အဆင့်အတန်းပြည့်မီသော ရွေးကောက်ပွဲများကို လွတ်လပ်မှု၊ တရားမျှတမှု၊ ဂုဏ်သိက္ခာရှိမှုတို့ဖြင့် ကျင်းပဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ရန်အောင်(၁)ရပ်ကွက်၊ ရန်အောင်(၂)ရပ်ကွက်၊ ယောက်သွားအင်းကျေးရွာအုပ်စု၊ ကိုးတစ်ကျေးရွာအုပ်စု၊ ဘန့်ဘားကျေးရွာအုပ်စု၊ သစ်တွန်ကျေးရွာအုပ်စု၊ ကင်ပွန်းတန်းကျေးရွာအုပ်စု၊ ကံဦးကျေးရွာအုပ်စု၊ ပြည်ထောင်ကိုးကျေးရွာအုပ်စု၊ တောင်သာကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာအုပ်စု၊ ဘို့မကျေးရွာအုပ်စု၊ မဲပေါက်ကျေးရွာအုပ်စုနှင့် အလယ်ချောင်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
