နေပြည်တော် နိုဝင်ဘာ ၁၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် BDPP Film ၈၀၀၀ ကီလိုဂရမ် ခန့်မှန်းတန်ဖိုးငွေကျပ်၂၀၁၆၀၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် CHENGLONG Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၁၆၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၀ ရက်တွင် ပဲခူးခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၄၈၃ တန်၊ သစ်မာ ၀ ဒသမ ၈၆၇ တန်နှင့် အခြားသစ် ၁ ဒသမ ၅၇၁ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၅၄၉၂ ကို သစ်တောဥပဒေအရလည်းကောင်း၊ ညောင်ခါး ရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ သံဖြူဇရပ်မြို့မှ နေပြည်တော်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပုစွန်နှစ်ကောင် ဟင်းသီးဟင်းရွက်ဆီ တစ်လီတာပါ ၅၁၆ ဘူးအပါအဝင် ကုန်ပစ္စည်းသုံးမျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၁၉၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀ ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုဝင်ဘာ ၁၁ ရက်တွင် တောင်ငူခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၂ ဒသမ ၈၂၂တန် ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၈၂၅၃၂ကို သစ်တောဥပဒေအရလည်းကောင်း၊ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Monstar LED မီးသီး ၃၁၁၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၈၀၀၀၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီးခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀ နှင့် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ကျိုက်ထိုမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးနှင့် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် KUKURU ဒိန်ချဉ်ဘူး ၁၄၄၀၊ မီးသွေးအိတ် ၁၇၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၅၂၂၀၊ အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Yutong Bus တစ်စီးနှင့် Mitsubishi Fuso Bus တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀ တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆၅၅၇၂၂၄ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Koroda မော်တော်ဆိုင်ကယ်တစ်စီးနှင့် Scoopyi မော်တော်ဆိုင်ကယ်တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၁ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ကြိတ်သား ၂၀၀၀ ကီလိုဂရမ် ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀ နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀ ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Yum Yum ခေါက်ဆွဲခြောက်ထုပ် ၆၀၀၀၊ ပလတ်စတစ်ရေပုံး ၉၈၀ အပါအဝင် ကုန်ပစ္စည်းငါးမျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၈၂၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀ ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၆၈၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၀၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၂၈၉၉၂၂၄ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
