နေပြည်တော် နိုဝင်ဘာ ၁၂
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၈ ဦး၊ ခွဲစိတ်ရောဂါ ၇၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၃ ဦး၊ ကလေးရောဂါ ၃၉ ဦး၊ အရိုးရောဂါ ၁၃၀၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၄ ဦး၊ မျက်စိရောဂါ ၇၉ဦး နှင့် သွားရောဂါ ၄၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ခုနစ်ဦး၊ မျက်စိခွဲစိတ်လူနာ ၁၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ခုနစ်ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ရှစ်ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၉ ဦး စုစုပေါင်း ၆၀၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူတစ်ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး နယ်လှည့်အထူးကုဆေးအဖွဲ့အား စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရပါသည်-
ဒေါ်ဘိုမ
(မသုံကျေးရွာ၊ ထုံးဘိုမြို့နယ်)
နယ်လှည့်ဆေးကုအဖွဲ့ကနေပြီးတော့ လာရောက်ဆေးကုလို့ လာပြတာပါ။ ရွာထဲမှာ ကြေညာထားတာ လာပြလို့ရတယ်၊ အကုန်လုံးအခမဲ့ပေါ့။ အကုန်လုံး အစစအရာရာအဆင် ပြေတယ်ပြောလို့ လာပြီးဆေးကုသမှုခံယူတာပါ။ နှလုံးသွေးကြောလေးတွေ ကျဉ်းတယ်ဆိုလို့ လာပြတာ။ ဆေးတွေလည်း အများကြီးပဲ သူတို့ ထုတ်ပေးလိုက်ပါတယ်။ ပုံမှန်လစဉ် သောက်ဖို့လည်း ဆေးတွေပေးလိုက်ပါတယ်။ ဒီကတော့ အလကားရတာပါ။ အပြင်မှာဆိုရင် တစ်လကို လေးငါးသောင်းကျော်ဖိုးလောက် ဝယ်သောက်ရတယ်။ ဒီမှာ တစ်လစာ ပေးလိုက်ပတယ်။ ပီတိအားရဖြစ်ပါတယ်။ အပြင်မှာဆိုရင် ပိုက်ဆံအကုန်အကျများတယ်လေ။ ဒီမှာအားလုံး အစစအရာရာ လိုလေသေးမရှိ ECG တို့ ဘာတို့ အကုန်လုံး ဆေးကအစ ထောက်ပံ့မှု အကုန်ရတယ်ဆိုတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်မတို့သာမက ကျွန်မတို့ထက် ဆိုးတဲ့သူတွေရော အစစအရာရာ ပိုပြီးအဆင်ပြေတာပေါ့။ နိုင်ငံတော်အကြီးအကဲကို အများကြီးကျေးဇူးတင်တယ်လို့ ဒီနေရာကနေ ဂါရဝပြုပါတယ်။
ဒေါ်စန်းစန်းဌေး(ဒေသခံပြည်သူ)
ခွဲရမယ်လို့ပြောလို့ ကျွန်မ ဒီနေ့လာခွဲဖြစ်တာပါ။ ကျွန်မကို အခုလို ခွဲပေးလို့ ဝမ်းလည်းသာတယ်။ ကျွန်မတို့ အပြင်မှာဆိုရင် ဒီမျက်လုံးကို မခွဲနိုင်ဘူး။ ၁၀ သိန်းဆိုလည်း ဟုတ်တယ်။ ၁၅ သိန်းဆိုလည်း ဟုတ်တယ်။ တပ်မတော်က အခုလိုခွဲပေးတဲ့အတွက် ကျွန်မတို့က ဝမ်းသာ ဂုဏ်ယူမိပါတယ်။
ဆရာဝန်တွေကလည်း ညင်ညင်သာသာနဲ့ပဲ ခွဲစိတ်ပေးပါတယ်။ သာသာကြည်ကြည်နဲ့ပဲ သူတို့ခွဲစိတ်တာ အောင်မြင်တော့ ကျွန်မလည်း ဝမ်းတွေသာပေါ့။ အနာအကျင်မရှိဘူး၊ ကောင်းကောင်းမွန်မွန်နဲ့ ခွဲစိတ်ပေးပါတယ်။ ဒီလိုမျိုးဆေးတွေဘာတွေနဲ့ အလကားကုသပေးတဲ့အတွက် ပြည်သူတွေအတွက်လည်း ကောင်းပါတယ်။
အခုလို အလကားကုပေးတဲ့အတွက် ပြည်သူတွေအတွက်လည်း ကောင်းတယ်။ သင်္ဘောပေါ် မှာလည်း ခွဲစိတ်ခန်းတွေရော၊ ကျွေးတာ မွေးတာရော အကုန်လုံး အစစအရာရာ လိုလေသေးမရှိ ကျွေးတဲ့အတွက်၊ ကုသပေးတဲ့အတွက် ကျွန်မ အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အခုလိုပြည်သူပြည်သားတွေအတွက် ဒီလိုမျိုးကုသပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
