ယနေ့ခေတ် လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် တစ်သီးစားသာမက သီးထပ်သီးညှပ်၊ နှစ်သီးစား၊ သုံးသီးစား စိုက်နည်းစနစ်များဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နေကြပြီ ဖြစ်သည်။ ထိုသို့စိုက်ပျိုးရာတွင် သီးနှံတစ်ဧကအထွက်တိုးစေရေးအတွက် ဓာတုဓာတ်မြေသြ ဇာများ တွင်ကျယ်စွာ အသုံးပြု လာကြသည်ကို မြင်တွေ့နေကြရသည်။
တစ်နှစ်ပတ်လုံး သီးနှံစိုက်ပျိုးမှုနှင့်အတူ ဓာတုဓာတ်မြေသြဇာများအပေါ် မှီခိုအားကိုးမှု များကြောင့် သီးနှံစိုက်ခင်းမြေများ မြေဆီလွှာအာဟာရဓာတ် လျော့နည်းပျက်စီးလာခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဓာတုဓာတ်ကြွင်းများနှင့် အခြားသောဘေးထွက် ဆိုးကျိုးများကိုလည်း တွေ့မြင်ခံစားနေကြရပါသည်။ အဆိုပါပြဿနာကို ကုစားဖြေရှင်း ပေးနိုင်မည့် နည်းလမ်းကောင်းတစ်ခုမှာ စိုက်ပျိုးရေးလုပ်ငန်းများ၌ သဘာဝမြေဩဇာများ အစားထိုးသုံးစွဲခြင်း ပင်ဖြစ်သည်။
မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာ ၌ရှိသည့် “ရွှေမြေဆီ” သဘာဝမြေဩဇာလုပ်ငန်းသည် ဒေသတွင်းရှိ တောင်သူများ သဘာဝဓာတ်မြေဩဇာ အသုံးပြုမှုတွင် ကျယ်စေရန် ရည်ရွယ်ပြီးတည်ထောင်ခဲ့သည့် အသေးစားစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည်။ ကိုယ်တိုင် လည်း စိုက်ပျိုး တောင်သူတစ်ဦးဖြစ်ပြီး ရည်ရွယ်ချက်ကောင်းဖြင့် လုပ်ငန်းလုပ်ကိုင်နေသည့် ရွှေမြေဆီ သဘာဝ မြေဩဇာလုပ်ငန်း၏ တာဝန်ခံဖြစ်သူ ခွန်ရဲလင်း ထက်နှင့် တွေ့ဆုံမေးမြန်း ခဲ့မှုကို ပြန်လည်မျှဝေ လိုက်ရပါသည်။
မေး။ ။“ရွှေမြေဆီ” သဘာဝမြေဩဇာလုပ်ငန်း စတင်လုပ်ဆောင်ခဲ့ပုံကို သိပါရစေ။
ဖြေ။ ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒေသခံ တောင်သူပါပဲ။ ဥယျာဉ်ခြံစိုက်တယ်။ ကျွန်တော်တို့နိုင်ငံမှာက စိုက်ပျိုးရေး၊ မွေးမြူရေး အဓိကလုပ်ကြတယ်။ စိုက်ပျိုးလယ် ယာမြေတွေမှာ ဓာတုဓာတ်မြေဩဇာတွေ သုံးတာများလာတော့ မြေအဆီဓာတ်တွေ ခြောက်ခန်း လာတယ်။ ကျွန်တော်တို့ စိုက်သမျှအပင်တွေက မှန်းသလောက်မထွက်ဘူး။ ဒီလိုဖြစ်တာကို နှစ်အတန်ကြာ လေ့လာတော့မှ ဒီမြေဆီက သဘာဝဓာတ်တွေ ခြောက်ခန်းလာပြီ၊ သဘာဝမြေ ဩဇာထည့်ဖို့လိုပြီဆိုတာကို သိလိုက်ရ တယ်။ ဒါကြောင့် သဘာဝမြေဩဇာကို နည်းအမျိုးမျိုး နဲ့ အချိန်ယူလေ့လာပြီး စမ်းသပ်ထုတ်လုပ်ခဲ့တာပါ။
မေး။ ။ ဒီကထုတ်တဲ့ သဘာဝမြေဩဇာကို ဘယ်လိုအသုံးပြုရပြီးတော့ ကုန်ကြမ်း တွေအဖြစ် ဘာကိုအသုံးပြုထားတယ်ဆိုတာ ရှင်းပြ ပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့ အခုထုတ်တဲ့ “ရွှေမြေဆီ” သဘာဝမြေဩဇာကို သဘာဝပစ္စည်းတွေ နဲ့ပဲ ထုတ်လုပ်ထားတယ်။ လုပ်ငန်းက လည်ပတ်တာ တစ်နှစ်ဝန်းကျင် လောက်ပဲရှိသေး တော့ အမှုန့် အနေနဲ့ပဲ ထုတ်နိုင်သေးတယ်။ လယ်မြေ၊ ဥယျာဉ်ခြံ မြေတွေမှာ မြေခံအဖြစ်ထည့်ပြီး အသုံးပြုလို့ရပါ တယ်။ အမှုန့်ဖြစ်နေတော့ ရေနက်ကွင်းတွေမှာ သုံးလို့တော့ အဆင်မပြေပါဘူး။ ဒါကို အဆင့်မြှင့်ဖို့ ကြိုးစားနေပါတယ်။ ဒီမှာ အဓိကပါဝင်တာက ကြက်ချေး၊ ဖွဲခွံ၊ ပဲမှုန်ပဲခွံ၊ နွားချေး၊ စက်ဖွဲပြာ၊ သဘာဝ အီးအမ်၊ ထရိုင်ကိုဒါးမား၊ တင်လဲရည်တွေကို မျှတအောင်ရောစပ်ပြီး ထုတ်လုပ်ထားပါတယ်။ ကုန်ကြမ်းတွေကျတော့ ကျွန်တော်တို့ ဒီဒေသက ထွက်တဲ့ ကြက်ချေး တွေဝယ်စုတယ်။ ဒီဒေသမှာက စပါးစိုက်ပြီးရင် ပဲစိုက်တဲ့တောင်သူတွေရှိတယ်။ သူတို့ဆီက ပဲခွံပဲမှော်တွေ ပြန်ဝယ်စုတယ်။ ကျွန်တော်တို့ဆီမှာ လက်ရှိတော့ ဒီသဘာဝမြေဩဇာ ထုတ်ကုန်တစ်မျိုးကိုပဲ ထုတ်ပြီး သထုံနယ် တစ်ကြောမှာရှိတဲ့ သထုံ၊ ဘီးလင်း၊ ပေါင်မြို့နယ်တို့ က တောင်သူတွေဆီ တိုက် ရိုက်ရောင်းချပေးပါတယ်။
မေး။ ။ လုပ်ငန်းလုပ်ကိုင်တဲ့အချိန်မှာ ကြုံတွေ့ ရတဲ့အခက်အခဲတွေနဲ့ ဘယ်လိုကြိုးစား ကျော်ဖြတ်ခဲ့ရတယ်ဆိုတာလည်း မျှဝေပေးပါဦး။
ဖြေ။ ။ အခက်အခဲတွေကတော့ အများကြီးပါ။ ကျွန်တော်တို့ကလည်း Professional တွေလို Guide နဲ့ ဘာနဲ့လုပ်တာမဟုတ်ဘဲ ကိုယ်သိ ထားတဲ့နည်းတွေနဲ့ လေ့လာပြီးလုပ်တာဆိုတော့ စပြီးလုပ်တဲ့အချိန်မှာ ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့ တယ်။ မြေဩဇာကုန်ကြမ်း ဆုံးရှုံးတာတွေ၊ ထုတ်လုပ်တဲ့စက်ပစ္စည်းဆုံးရှုံးတာတွေ ရှိခဲ့တယ်။ မြေဩဇာဆုံးရှုံးတယ်ဆိုတာက သုံးမရ တော့တာတော့ မဟုတ်ဘူး။ ဈေးကွက်ထဲ ဖြန့်လို့မရတာ ကြောင့် ဆုံးရှုံးတာ။ ဒါကို ထပ်ပြီးလေ့လာတယ်။ ပါဝင်တဲ့အချိုးအစားတွေကို အမျိုးမျိုးပြောင်းလဲပြီး စမ်းသပ်တဲ့အခါ အခုလို တစ်နှစ်လောက်ကြာတဲ့ ကာလမှာ ဈေးကွက်ထိုးဖောက်နိုင်တဲ့ထုတ်ကုန် ဖြစ်လာ ပါတယ်။
မေး။ ။ စိုက်ပျိုးလယ်ယာမြေတွေမှာ သဘာဝ မြေဩဇာအသုံးပြုတဲ့အတွက် ရရှိတဲ့ အကျိုးတွေ လည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့ဆီမှာ လယ်ယာမြေတွေက တဖြည်းဖြည်း ပျက်စီးမှုများလာတော့ သဘာဝမြေဩဇာကို အများကြီးထည့်ဖို့ လိုအပ် တယ်။ ပြည်ပနိုင်ငံတွေမှာဆိုရင် တစ်ဧကကို တန်နဲ့ချီပြီး ထည့်ကြတာတွေရှိတယ်။ ဒီမှာကတော့ တစ်ဧကကို နှစ်အိတ်ကနေ သုံးအိတ်လောက်အထိ သုံးပါတယ်။ ဒီသဘာဝမြေဩဇာထည့်တဲ့ အကျိုးကျေးဇူးက ရေရှည်မှာ ပျက်စီးနေတဲ့မြေဆီ တွေ ပြန်ကောင်းလာမယ်၊ အသီးအနှံတွေ ဖွံ့ဖြိုးလာ မယ်၊ မြေဆီတွေ ကလည်း လုပ်ကိုင်ရမခက်တော့ဘဲ လွယ်လွယ်ကူကူ စိုက်ပျိုးလို့ အဆင်ပြေသွားမယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်ကို တောင်သူတွေက ကြိုက်နှစ်သက်ကြတယ်လို့ ပြန်ကြားရပါတယ်။ ဒါက သူတို့အတွက် နှစ်ဖက် အကျိုးဖြစ်တာပေါ့။ လယ်ယာမြေအတွက် သဘာဝ မြေဩဇာရသလို စွန့်ပစ်ပစ္စည်းလိုဖြစ်နေတဲ့ လယ်ယာမြေကထွက်တဲ့ ပဲခွံပဲမှော်တွေ၊ နွားချေး၊ ကြက်ချေး၊ ဖွဲခွံတွေ။ အရင်ကဆို ဒါကို လယ်ယာမြေ မှာ ပြန်အသုံးပြုရမှန်း မသိကြဘူး။ ကိုယ့်လယ်ကွက် ထဲမှာ အချို့က ပြန်ထည့်သုံးကြတာရှိပေမယ့် အများအားဖြင့် မသုံးကြဘူး။ အလေအလွင့်ဖြစ်တာပဲ များတယ်။ ဒါကို ကျွန်တော်တို့က တောင်သူတွေဆီ ကနေပြန်ဝယ် တဲ့အတွက်လည်း ဝင်ငွေ အထိုက် အလျောက်ပြန်ရတယ်။ ဒီပဲခွံပဲမှော်တွေကို ကျွန်တော်တို့ဆီ မရောင်းဘူးဆိုရင်တောင်မှ သူတို့နည်းသူတို့ဟန်နဲ့ သဘာဝမြေဩဇာလုပ်နိုင်ဖို့ နည်းပညာမျှ ဝေပေးတယ်။ ကျွန်တော်တို့ကိုယ်တိုင် ကွင်းဆင်းပြီး လုပ်ပေးပါတယ်။ ဝယ်ရခက်တဲ့ အီးအမ်တို့၊ တင်လဲရည်တို့လို သဘာဝကထုတ်ထားတဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေကို ဒီမှာ အလွယ်တကူ ပြန်ပြီးရောင်းချပေးပါတယ်။ ကျွန်တော်တို့ လုပ်ထား တာကို ဝယ်ယူဖို့ မတတ်နိုင်ခဲ့ရင်တောင် နည်းပညာ တွေ မျှပေးသလို ဒီမှာလည်း အမြဲတမ်းလာပြီး လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။
မေး။ ။ ဒီဒေသမှာ အခုလို လုပ်ငန်းဆောင်ရွက်တဲ့အတွက်ကြောင့် ဒေသမှာရှိတဲ့ပြည်သူ တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး နိုင်မှုအခြေအနေကိုလည်း သိပါရစေ။
ဖြေ။ ။ ကျွန်တော်တို့ဆီမှာက အလုပ်အကိုင်တွေ ရှားပါးလာတယ်။ လုပ်ငန်းလုပ်ဖို့ စဉ်းစား တဲ့အခါမှာ ကိုယ့်ရွာက ဒေသခံတွေရဲ့ အလုပ် အကိုင် အခွင့်အလမ်းအတွက် စဉ်းစားပြီးတော့ ရွာမှာပဲ စက်ရုံလုပ်ဖြစ်တယ်။ ခုဆို ကျွန်တော့်ဆီမှာ ရွာက လူငယ်စုစုပေါင်း ၂၀ လောက်ကို အမြဲတမ်း ဝန်ထမ်းအဖြစ်ခန့်ပြီး အလုပ်အကိုင်ပေးထားနိုင် သလိုလုပ်ငန်းအနေအထားအရ လိုအပ်သလို နေ့စားယာယီခေါ်သုံးရတာလည်းရှိတယ်။ ဒါ့အပြင်ပဲခွံပဲမှော်တွေ၊ နွားချေး၊ ကြက်ချေး၊ ဖွဲခွံတွေ လိုက်လံ စုဆောင်းပြီးတော့ ကျွန်တော်တို့ဆီကို လာရောင်း ရင်လည်း မိသားစုအပိုဝင်ငွေ ရှာနိုင်ကြပါတယ်။
မေး။ ။ “ရွှေမြေဆီ” သဘာဝမြေဩဇာလုပ်ငန်းကိုတရားဝင် မှတ်ပုံတင်ဆောင်ရွက်ခဲ့တဲ့ အခြေအနေနဲ့ ဒီလို မှတ်ပုံတင်ဆောင်ရွက်ခြင်း ကြောင့် ရရှိခံစားရတဲ့ အကျိုးကျေးဇူးတွေကို လည်း မျှဝေပေးစေချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်ရင်းနဲ့ပဲ တဖြည်းဖြည်း လုပ်ငန်းက အထိုက် အလျောက် တွင်ကျယ်လာတဲ့အခါမှာ မှတ်ပုံတင်လုပ်ဖို့ စဉ်းစားရပါတယ်။ ဒါကြောင့်ပဲ သထုံခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး တရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ ဒီလို မှတ်ပုံတင်လိုက်တော့ ကျွန်တော်တို့လုပ်ငန်းက တရားဝင်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ပြီ ဖြစ်သလို လိုအပ်တဲ့ အကူအညီတွေလည်း အများကြီးရလာတယ်။ ဒီလုပ်ငန်းနဲ့သင့်တော်တဲ့ စက်ပစ္စည်းတွေ၊ နည်းပညာအကူအညီတွေကို ဌာနကလည်း ချိတ်ဆက်အကူအညီပေးသလို လုပ်ငန်းရှင် အချင်းချင်းတွေလည်း ချိတ်ဆက်မိပြီး အပြန်အလှန် ကူညီတာတွေရှိပါတယ်။
မေး။ ။ “ရွှေမြေဆီ” သဘာဝမြေဩဇာလုပ်ငန်းဟာဆိုရင် လက်ရှိအချိန်မှာတော့ ထိုက်သင့် တဲ့ အောင်မြင်မှုနဲ့အတူ အကျိုးခံစားခွင့်တွေကိုလည်း ရရှိနေပြီလို့သိရပါတယ်။ အလားတူ ဒီလိုမိသားစု တစ်နိုင်တစ်ပိုင်ကနေ အသေးစားလုပ်ငန်းရှင် ဖြစ်လိုသူတွေအတွက် ဘယ်လို တိုက်တွန်းအားပေး စကားတွေ မျှဝေပေးချင်ပါသလဲ။
ဖြေ။ ။ အဓိက က လုပ်ချင်စိတ်ရှိဖို့ပဲလိုတယ်။ လုပ်ချင်တယ်ဆိုရင် ပထမဆုံးက ကျွမ်းကျင်မှုရှိဖို့ သေသေချာချာလေ့လာစေချင်တယ်။ ဒီနေ့ခေတ်ကလေ့လာစရာတွေ များပါတယ်။ ဘယ်လုပ်ငန်း ပဲဖြစ်ဖြစ် အရှုံးနဲ့အမြတ်ဆိုတာ ရှိပါတယ်။ အခက်အခဲတွေကိုကျော်နိုင်မှ အောင်မြင်မှု ရမှာပါ။ ကျွန်တော့်တုန်းကဆိုရင် အတော်လေး ဆုံးရှုံးခဲ့ရတယ်။ အားမလျှော့ဘဲ လေ့လာရင်း လုပ်ရင်းနဲ့ တစ်နှစ်အတွင်းမှာပဲ ခုလက်ရှိအတိုင်း အဆင်ပြေ လာပါတယ်။ အမှန်တကယ် လုပ်လိုသူတွေကို အားပေးပါတယ်။ သဘာဝမြေဩဇာကို များများ လုပ်နိုင်ပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်မှ နောင်ကာလတွေကျရင် ကျွန်တော်တို့လယ်ယာမြေ တွေ ပိုကောင်းလာပြီး တောင်သူတွေ ပိုအဆင်ပြေလာမယ်။ ဒီလုပ်ငန်းလုပ်ချင်သူတွေကို လိုအပ်တဲ့အကူ အညီတွေ ပေးနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ရဲ့ “ရွှေမြေဆီ”က ဖိတ်ခေါ်ပါ တယ် ခင်ဗျာ။
ရွှေမြေဆီ သဘာဝမြေဩဇာလုပ်ငန်းသည် လုပ်ငန်းစတင်ခဲ့သည့်ကာလမှ ယနေ့အချိန်အထိ တစ်နှစ်တာကာလခန့် ကြာမြင့်ခဲ့ပြီးဖြစ်သည်။ စတင်လုပ်ကိုင်ခဲ့ချိန်က အခက်အခဲ၊ စိန်ခေါ်မှုမျိုးစုံ နှင့်အတူ ဆုံးရှုံးမှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့သော် လည်း မလျှော့သောဇွဲဖြင့် ရင်ဆိုင်ကျော် ဖြတ်ကာ လက်ရှိအချိန်၌ အထိုက်အလျောက်သော အောင်မြင်မှုဖြင့် ဈေးကွက်ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
တွေ့ဆုံမေးမြန်း - ဒေါ်လှလှဌေး
ဓာတ်ပုံ - နဒီ (ပြန်/ဆက်)