Skip to main content

ဈေးရောင်းပွဲတော်ကနေရရှိတဲ့ ဈေးကွက်အခွင့်အလမ်းထက် အမြဲတမ်းဖွင့်လှစ်ထားတဲ့ အခုလိုအရောင်း စင်တာတွေက ပိုပြီးဈေးကွက်အခွင့်အလမ်းရနိုင်တယ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအနေဖြင့် ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များ အရောင်းစင်တာကို ပဲခူးမြို့ သီရိဥဿာဈေး၌ အောက်တိုဘာလ ၁၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။ ထိုသို့ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဒေသထွက်ကုန်များကို တစ်နေရာတည်းတွင် တစုတစည်းတည်း ခင်းကျင်းပြသ ရောင်းချဝယ်ယူနိုင်မည့်အခြေအနေနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၏စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်-

ဦးတင်ဦး ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး

နိုင်ငံတော်အကြီးအကဲအနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ MSME လုပ်ငန်းတွေကို အားပေးမြှင့်တင်ဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့ကို လမ်းညွှန် မှာကြားတာရှိပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်မှုနဲ့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခြောက်ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်က ထွက်ရှိတဲ့ စိုက်ပျိုးရေးကို အခြေခံတဲ့ ဒေသထွက်ကုန်တွေ၊ စားသောက်ကုန်၊ လူသုံးကုန်တွေကို အဆင့်မြှင့်တင်ပြီး တစုတဝေးတည်း ခင်းကျင်းပြသနိုင်အောင် ဒီအရောင်းစင်တာကို စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုစီစဉ်ပေးတာက အဓိကအားဖြင့် လုပ်ငန်းရှင်တွေအတွက် ဈေးကွက်ချဲ့ထွင်နိုင်အောင် တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီစင်တာအတွက် သက်ဆိုင်ရာ အေဂျင်စီအဖွဲ့ဝင် ဌာနဆိုင်ရာအားလုံးက ပူးပေါင်းပါဝင် အထောက်အကူပြုခဲ့ကြပါတယ်။ ဒီစင်တာက တိုင်းဒေသကြီးအနေနဲ့ ပထမဆုံးဆောင်ရွက်နိုင်ခဲ့တဲ့ MSME လုပ်ငန်းနဲ့ပတ်သက်တဲ့ အရောင်း စင်တာဖြစ်ပါတယ်။

အခု ဒီစင်တာမှာ တိုင်းဒေသကြီးအတွင်းက ထုတ်ကုန်အမည်ပေါင်း ၃၀၀ ကျော်ကို ခင်းကျင်းပြသရောင်းချထားပါတယ်။ ဒီထဲမှာ MEC ရဲ့ ထုတ်ကုန်တွေလည်း ပါဝင်ပြသထားပါတယ်။ ပြည်သူတွေကလည်း စိတ်ဝင်တစားနဲ့ လာရောက်အားပေးဝယ်ယူကြပါတယ်။ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးကို အချိန်တိုအတွင်းဖွံ့ဖြိုးဖို့ ဆက်ပြီးတော့ MSME လုပ်ငန်းတွေကို အားပေးမြှင့်တင်သွားပါမယ်။ လုပ်ငန်းရှင်တွေ လိုအပ်တဲ့ငွေကြေး အရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ နည်းပညာတွေကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါတယ်။

ဦးဇေယျာဆွေ ညွှန်ကြားရေးမှူး

ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန

ကျွန်တော်တို့ တိုင်းဒေသကြီး ခရိုင် ခြောက်ခရိုင်ထဲမှာ MSME လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ဈေးရောင်းပွဲတော်၊ ထုတ်ကုန်ပစ္စည်း ပြပွဲပြိုင်ပွဲတွေ လုပ်ခဲ့တယ်။ MSME လုပ်ငန်းတွေအတွက် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်တဲ့ ဈေးကွက်ရရှိအောင်ပါ။ ဈေးရောင်းပွဲတော်ကနေရရှိတဲ့ ဈေးကွက်အခွင့်အလမ်းထက် အမြဲတမ်းဖွင့်လှစ်ထားတဲ့ အခုလို အရောင်းစင်တာတွေက ပိုပြီးဈေးကွက်အခွင့်အလမ်းရနိုင်တယ်။ ဒါကြောင့် ကုန်သွယ်မှုရှုထောင့်ကနေ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပဲခူးမြို့ မြို့မဈေးကြီး အပေါ်ထပ်မှာပဲ MSME အရောင်းစင်တာ ဖွင့်လှစ်ဖို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ညွှန်ကြားမှုနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီစင်တာမှာ တိုင်းဒေသကြီးထဲမှာရှိတဲ့ ခရိုင်ခြောက်ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်က MSME လုပ်ငန်းတွေက ထုတ်ကုန်တွေကို တစ်နေရာတည်းမှာ ပြသခင်းကျင်းရောင်းချနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒီလိုစီစဉ်ခဲ့တဲ့အတွက် အခု ဒီအရောင်းစင်တာထဲမှာ လုပ်ငန်းရှင် ၁၀၀ ကျော်ရဲ့ ထုတ်ကုန်အမည် ၃၀၀ ကျော်ကို ပြသရောင်းချနေပါပြီ။ လုပ်ငန်းရှင်တွေအတွက် အခမဲ့ လာရောက်ပြသ ခင်းကျင်းရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အရောင်းစင်တာမှာ တိုင်းဒေသကြီးထဲက MSME လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ထုတ်ကုန်ပစ္စည်းတွေ လာရောက်ခင်းကျင်းပြသ ရောင်းချဖို့ ဖိတ်ခေါ်ပါတယ်။ ထပ်ပြီးတော့ လာရောက်ပြသမယ့် လုပ်ငန်းရှင်တွေ အဆင်ပြေအောင်လည်းကျွန်တော်တို့အနေနဲ့ MSME အေဂျင်စီအနေနဲ့ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒေါ်သီရိရတနာလှိုင် ရိုးရာမောင် မြန်မာ့ချည်ထည်ထုတ်ကုန် လုပ်ငန်း

ချည်ထည်အဝတ်အထည်တွေကို ရွှေတောင်ကနေ ပါဝင်ရောင်းချတာဖြစ်ပါတယ်။ အခုလို တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကိုယ်တိုင် အားပေးတဲ့အတွက် ကျွန်မတို့လို MSME လုပ်ငန်းရှင်တွေအတွက် အထောက်အပံ့အများကြီး ရပါတယ်။ ကျွန်မအနေနဲ့ ဒီလိုမျိုး MSME လုပ်ငန်းတွေကိုအားပေးတဲ့ အရောင်းပြပွဲတွေ၊ ဈေးရောင်းပွဲတော်တွေမှာ လိုက်လံ ပြသရောင်းချလျက်ရှိပါတယ်။ ကျွန်မတို့လို လုပ်ငန်းရှင်တွေအတွက် ဝယ်ယူသူနဲ့ တိုက်ရိုက်ချိတ်ဆက်မှု အများကြီးရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ဈေးကွက်ရှာမယ်ဆိုရင် အများကြီး အားထုတ်ရပါတယ်။ အခုလိုမျိုး ပါဝင်ပြသတဲ့ အခါကျတော့ MSME လုပ်ငန်းရှင်တွေ တစု တစည်းတည်းဖြစ်တယ်၊ ဒီလိုစုစည်းမိပြီး ဝယ်သူကလည်း တစ်နေရာတည်းကို လာရတယ်၊ ဈေးကွက်ချဲ့ထွင်မှုကလည်း ပိုအားသာပါတယ်။ စင်တာဖွင့်ပွဲမနက်မှာပဲ ကျွန်မဆိုရင် ဈေးကွက်အသစ်တွေ ရရှိခဲ့ပါတယ်။ ကိုယ်စားလှယ်အသစ်တွေ ရရှိခဲ့တယ်။ အခုလို ကြီးကျယ်ခမ်းနားတဲ့ MSME အရောင်းစင်တာမှာ အခမဲ့နေရာပေးပြီး ကျွန်မတို့လုပ်ငန်းရှင်တွေရဲ့ ဒေသထွက်ကုန်တွေကို အားပေးမြှင့်တင် ဆောင်ရွက်ပေးခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

Mr. Andrew Kim  Managing Director

Law & Accounting Firm

ဒီစင်တာဖွင့်ပွဲ အခမ်းအနားကို ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီစင်တာ စဖွင့်တဲ့နေ့မှာပဲ တိုင်းဒေသကြီးထဲက ထုတ်ကုန်တွေ၊ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးကို တစ်နေရာတည်းမှာ ခင်းကျင်းရောင်းချနေမှုအပေါ် စိတ်ကြိုက်ဝယ်ယူခွင့်ရခဲ့ပါတယ်။ ပြီးတော့ ဒီစင်တာက အသေးစား၊ အလတ်စား လုပ်ငန်းတွေကို အားပေးဖို့ ဖော်ဆောင်ထားတာဖြစ်ပါတယ်။ ဒီစင်တာကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာထောက်ပံ့ကူညီပေးနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

ဦးအောင်ကြည်စိုး  တောင်သူအကျိုးပြု လယ်ယာသုံး

လုပ်ငန်းနှင့် အာမခံပန်းပဲ

ကျွန်တော်က အုတ်ဖိုမြို့ကနေ လယ်ယာသုံးပစ္စည်းတွေ လာရောက်ပြသ ရောင်းချတာ ဖြစ်ပါတယ်။ ဒီနေ့မှာပဲ ပြသရောင်းချထားတဲ့ လယ်ယာသုံး ပစ္စည်းတွေကို စိတ်ဝင်တစား လာရောက် မေးမြန်းဝယ်ယူကြပါတယ်။ ဒီအတွက် ဝမ်းသာမိပါတယ်။ ဒီလယ်ယာသုံးပစ္စည်းတွေဟာ တောင်သူတွေရဲ့ လုပ်ငန်းခွင်အတွက် အသုံးဝင်တဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေ ရောင်းချနိုင်ဖို့ ဈေးကွက်အခွင့်အလမ်းကို ဒီစင်တာကနေ ရရှိမယ်လို့ ယုံကြည်ပါတယ်။ ဒီလို စင်တာမှာ ပါဝင်ပြသနိုင်ဖို့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက အားတက်သရော ကူညီပေးကြပါတယ်။ အခုလို အရောင်းစင်တာမှာ နေရာပေးပြီး ခင်းကျင်း ရောင်းချခွင့်ရရှိအောင် စီစဉ်ဆောင်ရွက် ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဦးသူရဝင်း  ရှင်မငါးပိငံပြာရည်လုပ်ငန်း

ပဲခူးမြို့ကနေ ပါဝင်ရောင်းချပြသတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ငါးပိငံပြာရည်လုပ်ငန်းက ကျွန်တော်တို့ဒေသက ဆည်မြောင်းအင်းအိုင်တွေက ထွက်ရှိတဲ့ ရေထွက်ကုန်ကိုပဲ အဓိကထား ထုတ်လုပ်ပါတယ်။ ရေထွက်ကုန် ကုန်ကြမ်းကို ကျွန်တော်တို့ ဒေသကနေပဲ ရရှိတာဖြစ်ပါတယ်။ ဒီလိုမျိုး ပါဝင်ခင်းကျင်းရောင်းချခွင့်ရတာဟာ ကျွန်တော်တို့လို လုပ်ငန်းရှင်တွေအတွက် အကျိုးကျေးဇူး များစွာရှိပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးထဲက တခြား လုပ်ငန်းရှင်တွေကိုလည်း လာရောက်ပါဝင်ပြသဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီလို MSME အရောင်းစင်တာတွေကနေ ကျွန်တော်တို့လို လုပ်ငန်းတွေရဲ့ ကုန်ပစ္စည်းတွေကို ဈေးကွက်ပိုပြီး ချဲ့ထွင်ခွင့်ရနိုင်မယ့် အခွင့်အလမ်းရှိတယ်။ လက်ရှိရှိနေတဲ့ ဈေးကွက်အပြင် ကိုယ်မသိသေးတဲ့ ဈေးကွက်အခွင့်အလမ်းကို ရနိုင်တဲ့အတွက် ဒီအရောင်း စင်တာတွေဟာ MSME လုပ်ငန်းရှင်တွေ အတွက် အများကြီးအထောက်အကူပြုတယ်လို့ မြင်ပါတယ်။

ဦးသိန်းအောင် ထွန်း ပဲကြီးလှော်လုပ်ငန်း

ဒီလုပ်ငန်းကို လုပ်ကိုင်လာတာ ၇၅ နှစ်ကျော်ကာလရှိပါပြီ။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒီအရောင်းစင်တာမှာ နေရာပေးပြီး ပါဝင်ပြသရောင်းချဖို့ ဖိတ်ခေါ်ခဲ့တဲ့အတွက် ပါဝင်ပြသ ရောင်းချခွင့်ရခဲ့တယ်။ ဒီလို မြန်မာ့ရိုးရာ အစားအစာကို အားပေးမြှင့်တင် ဖော်ထုတ်ပေးတဲ့အတွက် အင်မတန် ဝမ်းသာရပါတယ်။ မိရိုးဖလာလုပ်ငန်းဖြစ်တဲ့အတွက် ထုပ်ပိုးမှုက ရိုးရှင်းတယ်။ ဝယ်ယူသူကို ဆွဲဆောင်နိုင်ဖို့အတွက် ခေတ်မီတဲ့ ထုပ်ပိုးမှုပုံစံအသစ်တွေနဲ့ ထုတ်ကုန်အဆင့်မြှင့်တင် ဆောင်ရွက်ဖို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင်က အားပေးပြီး လိုအပ်တာတွေကို အစစ အရာရာ ဖြည့်ဆည်းစီမံဆောင်ရွက် ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီစင်တာမှာ ထုပ်ပိုးမှုပုံစံအသစ်နဲ့ ကျွန်တော်တို့ ဒေသထွက် ပဲကြီးလှော်၊ ပဲခြမ်းကြော်၊ မြေပဲလှော် စတဲ့ဒေသထွက်ကုန်တွေကို ပါဝင်ခင်းကျင်းရောင်းချနိုင်တာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ နှစ်သက်တဲ့ မြန်မာ့ရိုးရာအစားအစာကို အခုလို ထုပ်ပိုးမှုပုံစံအသစ်နဲ့ ထုတ်ကုန်အဆင့်မြှင့် ပြောင်းလဲထားတဲ့အတွက် ပိုပြီးအရောင်းတွင်ကျယ်လာပါတယ်။ ဈေးကွက်ချဲ့ထွင်နိုင်သလို ဈေးကွက်များစွာလည်း ရရှိခဲ့ပါတယ်။

ဦးအောင်ကျော်ဆန်း ပန်းကမ္ဘာမြန်မာ့လက်မှုလုပ်ငန်း

ကျွန်တော်တို့ မြန်မာ့လက်မှုလုပ်ငန်းက ရန်ကုန်၊ နေပြည်တော်မှာ ပြုလုပ်တဲ့ MSME ထုတ်ကုန်ပြပွဲတွေ၊ ဈေးရောင်းပွဲတော်တွေမှာလည်း ပါဝင်ပြသရောင်းချခဲ့ပါတယ်။ အခု ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ပထမဆုံးဖွင့်လှစ်တဲ့ MSME လုပ်တဲ့ အရောင်းစင်တာမှာလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ဖိတ်ခေါ်မှုနဲ့အတူ လာရောက်ပြသ ခင်းကျင်းရောင်းချပေးတာ ဖြစ်ပါ တယ်။

ဒီလိုပြသ ခင်းကျင်းရောင်းချရာမှာလည်း လာရောက်တဲ့ လူတန်းစားမရွေး ဝယ်ယူနိုင်အောင် ကျွန်တော်တို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေဟာ ကျပ်ငါးရာ၊ တစ်ထောင်ကနေစပြီး တန်ဖိုးမျိုးစုံ သက်သာတဲ့နှုန်းထားနဲ့ ရောင်းချနေပါတယ်။ အရောင်းစင်တာက မြို့မဈေးမှာ ရှိတဲ့အတွက် ဈေးလာဝယ်ကြတဲ့ အိမ်ရှင်မတွေ စိတ်ဝင်စားမယ့် မီးဖိုချောင်သုံး မြန်မာ့လက်မှုလုပ်ငန်း ပစ္စည်းတွေကို အဓိကထား ပြသရောင်းချနေပါတယ်။ ဒီလို ပြသရောင်းချခွင့်ရတဲ့အတွက် တိုင်းဒေသကြီးကနေ ဒီလိုပစ္စည်းမျိုးတွေ ထွက်ရှိတယ်ဆိုတာကို အများပြည်သူကြား ပိုပြီးကျယ်ပြန့်သွားပါတယ်။ ဒီကနေတစ်ဆင့် ဈေးကွက်လည်း ပိုပြီးကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။ အခုလို ကျွန်တော့်ရဲ့ လက်မှုပစ္စည်း MSME ရောင်းကုန်တွေကို အရောင်းစင်တာ ဖွင့်လှစ်ပေးပြီး ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်ရေး၊ ဈေးကွက်ရရှိရေး တွန်းအားပေး မြှင့်တင်ဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။      ။

တွေ့ဆုံမေးမြန်း- စိုးပိုင် ဓာတ်ပုံ- ဝဏ္ဏ