နေပြည်တော် နိုဝင်ဘာ ၁၀
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် ပျဉ်းမနားမြို့နယ်၌ စတုတ္ထနေ့အဖြစ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုး ဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ် မဲပေးကြကာ မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit)ကို မဲဆန္ဒရှင်များကိုယ်တိုင် ကိုင်တွယ် ဆောင်ရွက်ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြသည်။
မဲဆန္ဒရှင်များအနေဖြင့် အချိန်တိုအတွင်း မဲပေးစက်ကို နည်းစနစ်တကျ ကိုင်တွယ်ဆောင်ရွက်နိုင်ပြီး မဲပေးရာတွင် လွယ်ကူရှင်းလင်းစွာမဲပေးနိုင်ခြင်း၊ မဲရလဒ်များ မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲ မရှိတော့ခြင်း၊ မဲမသမာမှုမပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းတို့ကို လက်တွေ့သိရှိခဲ့ရကြောင်းနှင့် နည်းပညာခေတ်၌ ဒီမိုကရေစီစံနှုန်းများနှင့်အညီ အဆင့်အတန်း ပြည့်မီသော၊ လွတ်လပ်၍ တရားမျှတသော၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲများ ကျင်းပ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ရန်အောင်(၁) ရပ်ကွက်၊ ရန်အောင်(၂)ရပ်ကွက်၊ ဥယျာဉ်စုရပ်ကွက်၊ ပျဉ်းမနား ဟောင်းကျေးရွာအုပ်စု၊ နှမ်းတောကျေးရွာအုပ်စု၊ ကံဦးကျေးရွာအုပ်စု၊ ကင်ပွန်းတန်းကျေးရွာအုပ်စု၊ လဲလူးအိုင်ကျေးရွာအုပ်စုနှင့် သစ်လေးလုံးကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြကြောင်း သိရ သည်။
သတင်းစဉ်
