နေပြည်တော် နိုဝင်ဘာ ၁၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “B” Diploma Coaching Course(Part – 1) ဘောလုံးနည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဦးဇင်မင်းထက်၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုသင်တန်းမှ အားကစားသမား နည်းပြကောင်းများ ပေါ်ထွက်လာစေရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် နည်းစနစ်/နည်းဥပဒေများကို ကျွမ်းကျင်ပိုင်နိုင်၍ အရည်အချင်းပြည့်ဝပြီး မျိုးဆက်သစ်အားကစား သမားများကိုလည်း အကျိုးရှိသည့် Training Plan များဖြင့် ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ပြီး နိုင်ငံ့ ဂုဏ်ကိုမြှင့်တင်ပေးနိုင်သည့် နည်းပြကောင်းများ ဖြစ်လာစေရန် သင်ယူလေ့လာဆည်းပူး၍ ကြိုးစား သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသည့် သင်တန်းနည်းပြ ဦးတင်မြင့်အောင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ အဆိုပါသင်တန်းကို နိုဝင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ သင်တန်းနည်းပြဆရာ သုံးဦးက သင်တန်းသား သင်တန်းသူ ၂၄ ဦးကို ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၃၁) စုပေါင်းအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသွားရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို အဆင့်အတန်းမြင့်မြင့် ကျင်းပပြုလုပ်နိုင်စေရေးအတွက် အဖွဲ့ချုပ် များအနေဖြင့် အမှန်တကယ် ထည့်သွင်းကျင်းပနိုင်မည့် အားကစားနည်းများကိုသာ ဆွေးနွေးတင်ပြပေး စေလိုပါကြောင်း၊ အမျိုးသားအားကစားပွဲတော်မှ ထူးချွန်သည့် အားကစားသမားများကို (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်အတွက် ရည်ရွယ်ထားပါကြောင်း၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် ခေတ်နှင့်အညီ ပြောင်းလဲလာသည့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ ရေးဆွဲသွားရန်လိုပါကြောင်း၊ အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကိုလည်း ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် Olympic အားကစား နည်းများကို အဓိကထားကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ယခုကျင်းပမည့် အမျိုးသား အားကစားပွဲတော်တွင် Olympic အားကစားနည်း များကို ထည့်သွင်းကျင်းပသွားရန် ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပမည့် လုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ထည့်သွင်းကျင်းပမည့် အားကစားနည်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးပြောကြားပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
