မန္တလေး နိုဝင်ဘာ ၁၀
ယခုနှစ်တွင် မြန်မာထွက်ကုန် ပဲစင်းငုံများ ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်များ သွက်လက်ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။
အရောင်းအဝယ်များ ကောင်းလျက်ရှိ
ယခုနှစ် ပဲစင်းငုံများသည် ရာသီဥတုကောင်းမွန်မှုကြောင့် အထွက်နှုန်း အသင့်အတင့်ကောင်းကာ အရောင်အသွေးနှင့် အလုံးအဖန်များ ကောင်းမွန်ခြင်းကြောင့် ဈေးကွက်အတွင်း၌ အရောင်းအဝယ်များ ကောင်းနေကြောင်း၊ ယခုလက်ရှိဈေးနှုန်းအနေဖြင့် ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်များ ကောင်းလျက်ရှိကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့် က ပြောသည်။
“ပဲစင်းငုံကို မြန်မာလူမျိုးတွေက စားသုံးမှုနည်းပါတယ်။ အဓိကအားဖြင့်တော့ အိန္ဒိယလူမျိုးတွေက မြန်မာပဲစင်းငုံကို ဓာတုကင်းစင်ပြီး အရသာမှာလည်း တစ်မူထူးခြားတာကြောင့် ကြိုက်နှစ်သက်ပြီး ဝယ်ယူကြပါတယ်။ ထွက်ရှိတဲ့ ပဲစင်းငုံရာခိုင်နှုန်းပြည့်က ပြည်ပပို့ကုန်အနေနဲ့ နှစ်စဉ်တင်ပို့ရပါတယ်။ ဈေးကွက်ကလည်း အခိုင်အမာရရှိပြီးသားပါ။ ယခုနှစ်မှာ အိန္ဒိယနိုင်ငံအနေနဲ့ ပဲစင်းငုံက လိုအပ်ချက်တွေများနေတာကြောင့် ဈေးကွက်အတွင်းမှာ အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ်စတန်နိုင်ငံတို့ကလည်း နှစ်စဉ်ပုံမှန် ဝယ်ယူနေကြပါတယ်။ ပဲစင်းငုံသီးနှံက နိုင်ငံခြားဝင်ငွေ အဓိကရှာဖွေပေးတဲ့ ပဲအမျိုးအစားထဲမှာ ပါဝင်ပါတယ်” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲစင်းငုံမှာ ပဲစင်းငုံအနီ၊ ပဲစင်းငုံအဖြူနှင့် ပဲစင်းငုံအကြားဟူ၍ အမျိုးအစားသုံးမျိုးရှိကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပဲစင်းငုံများကို စိုက်ပျိုးကြကြောင်း ယခုနောက်ပိုင်းတိုးချဲ့ စိုက်ပျိုးလာကြရာ ချင်း၊ ကယား၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်း ပြည်နယ် (မြောက်ပိုင်း)တို့တွင် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလာကြကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)
