ရန်ကုန် နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်ရှိ အောင်ဆန်းအဆုတ် ရောဂါအထူးကု ဆေးရုံကြီးဝင်းအတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စော်ဘွားကြီးကုန်းလမ်းဆုံမှ နံ့သာမြိုင်ပန်းခြံဝင်ပေါက်အထိ ပြည်လမ်းလမ်းသား တိုးချဲ့ ဆောင်ရွက်နေမှုနှင့် မွေးမြူရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနဝင်း သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုသည်။
မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် စဉ်ငူရပ်ကွက် မိုးကုတ်ဝိပဿနာကျောင်းလမ်းရှိ အောင်ဆန်းအဆုတ်ရောဂါ အထူးကုဆေးရုံကြီးသို့ သွားရောက်၍ စည်ပင်သာယာ ဝန်ထမ်းများနှင့် ဆေးရုံဝန်ထမ်းများပူးပေါင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဆောင်ရွက်နေသည့် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းလမ်းဆုံမှ နံ့သာမြိုင်ပန်းခြံဝင်ပေါက်အထိ အရှည် ၆၂၅ ပေ၊ အကျယ် ၁၉ ပေ ရှိ ပြည်လမ်းကို ကွန်ကရစ်လမ်းသား တိုးချဲ့ဆောင်ရွက်နေမှု အဖုံးပါ ရေနုတ်မြောင်း ဆောင်ရွက်နေမှု၊ လူသွားစင်္ကြံနှင့် ပန်းခြံ ခြံစည်းရိုးအကြား Interlock ကွန်ကရစ်တုံးများ ခင်းရန်နှင့် ယာဉ်ရပ်နားရန်နေရာ ဆောင်ရွက်နေမှုလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လမ်းသားနှင့် မလွတ်ကင်းသည့် မီးတိုင်များ ဖယ်ရှားနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက် အင်းစိန်လမ်းရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာနသို့ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဌာနဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်