နေပြည်တော် နိုဝင်ဘာ ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အုတ်ပုံကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေပေးအပ်ပွဲနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရသင်တန်းသူများကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၅၀ နှင့် ထူးချွန်ဆုရသင်တန်းသူများကို အပ်ချုပ်စက်၊ ဘီတင်စက်အပါအဝင် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ခတ္တူ-ခုံကြီး-ခြောက်ဆယ်-ရိုးကြီးလမ်းပေါ်ရှိ ခုံကြီးကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။ အဆိုပါတံတား တည်ဆောက်ပြီးစီးပါက လေးမျက်နှာပန်းတောကြီး လမ်းမှတစ်ဆင့် ပုသိမ်-မုံရွာ ကားလမ်းမကြီးသို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော သမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကြီး၏ ငဝန်မြစ်ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ခတ္တူ - ထူပါရုံလမ်း အရှည်တစ်မိုင် ကျောက်ချောခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ပေးအပ် ပွဲနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် မော်တော်ဆိုင်ကယ်ပြင်သင်တန်းတွင် ထူးချွန်ဆုရသင်တန်းသားများကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ပန်းတောကြီးဒေသ၌ ဝါးအခြေခံလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး မှာကြားကာ စီမံကိန်းရန်ပုံငွေနှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက် နေသော စောပြာ - လှော်ကထားလမ်းပေါ်ရှိ စိန်တောင်ကျေးရွာ သံကူကွန်ကရစ်တံတားလုပ်ငန်းနှင့် လှော်ကထားတိုက်နယ်ဆေးရုံကို သွားရောက်ကြည့်ရှုသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာ မြို့နယ် လက်သမား(ကရင်)ကျေးရွာသို့ သွားရောက် ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေပေးအပ်ပွဲသို့ တက်ရောက်ကာ လက်သမား (ကရင်) ကျေးရွာနှင့် ကုန်းကြီးကျေးရွာ နှစ်ရွာတို့အတွက် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၅၀ စီ ထောက်ပံ့ပေးအပ်ပြီး ကျေးရွာသူ ကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပိန်းအင်းကျေးရွာအုပ်စု ရုံးတောကျေးရွာသို့သွားရောက်ပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော တောင်သူ ဦးမိုးနိုင်ဦး၏ ပီလောပီနံ စိုက်ဧက ၃၀ ကို ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
