နေပြည်တော် နိုဝင်ဘာ ၁၀
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Dr. Md. Monwar Hossain ကို လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုတိုးတက်စေရန်အတွက် ဘင်္ဂလားဒေ့ရှ် တာကာ/မြန်မာ ကျပ်တို့နှင့် ကုန်သွယ်မှုတွင် တိုက်ရိုက်ငွေပေးချေရေးအား ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခြင်းကိစ္စရပ်အပါအဝင် နှစ်နိုင်ငံဘဏ်များကြား လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
သတင်းစဉ်
