နေပြည်တော် နိုဝင်ဘာ ၁၀
လွှတ်တော် ၃ ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ (မူကြမ်း)များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာစန်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဦးခင်မောင်ဦး၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ လွှတ်တော် ၃ ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ(မူကြမ်း)များကို အပြီးသတ် စိစစ်လေ့လာဆွေးနွေးကြပြီး လွှတ်တော် ၃ ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများတွင် လက်ရှိအခြေအနေများနှင့်လိုက်လျော ညီထွေမှုရှိစေရေးအတွက် ဖြည့်စွက်ရန်လိုအပ်သည့် အချက်များတွေ့ရသဖြင့် ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဥပဒေအသစ် ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
