နေပြည်တော် နိုဝင်ဘာ ၁၀
ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၄၇၂ ဦး၊ ခွဲစိတ်ရောဂါ ၇၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၉ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၁၁၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၀ ဦး၊ မျက်စိရောဂါ ၂၄၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၁ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၆ ဦး စုစုပေါင်း ၁၁၈၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၉ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
အလားတူ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၂၃၉ ဦး၊ ခွဲစိတ်ရောဂါ ၆၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၆ ဦး၊ ကလေးရောဂါ ၇၇ ဦး၊ အရိုးရောဂါ ၁၆၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၆ ဦး၊ မျက်စိရောဂါ ၁၃၃ ဦးနှင့် သွားရောဂါ ၁၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၈ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၄ ဦး စုစုပေါင်း ၆၇၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၁ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလို ကြားသိခဲ့ရသည်-
ဒေါ်အေးအေး၊ ကျွေချိုင်ကျေးရွာ၊ ငရုတ်ကောင်းမြို့
တပ်မတော်နယ်လှည့် ဆေးကုရေးအဖွဲ့က ဆေးလာကုမယ်လို့ပြောတော့ ကျွန်မတို့က လှိုက်လှိုက် လှဲလှဲနဲ့ လာပြီးတော့ ဆေးကုသခံတာပါ။ မျက်စိကို သွားပြီးပြတော့ ခွဲရမယ်လို့၊ ခြောက်သိန်း ခုနစ်သိန်းကျမယ်လို့ ပြောလို့ ကျွန်မမှာ ပိုက်ဆံကမရှိဘူး။ လယ်လုပ်မှ စားရတယ်ဆိုတော့ ကျွန်မမှာ အဆင်မပြေဘူး။ အဆင်မပြေတဲ့အတွက်ကြောင့် မခွဲဘဲနေတော့ မျက်စိကကိုက်တယ်။ မျက်ရည်တွေကျတယ်။ ယားတယ်။ ခေါင်းတွေပူတယ်။ ဒီလို ဆေးကုသတွေလာတော့ အလွန့် အလွန် ဝမ်းသာကြည်နူးမိပါတယ်။ ကျွန်မ ဒီကိုလာပြတာပါ။ ဆေးကုသရေးအဖွဲ့က ပြုံးပြုံး ရွှင်ရွှင်နဲ့ကြိုဆိုကြတယ်။ ပိုက်ဆံမရှိတော့လည်း အဖေအမေလို အားကိုးမိတာပေါ့။ ဒီအဖွဲ့က ကောင်းပါတယ်။ အခမဲ့လည်းဖြစ်သလို မိသားစုစိတ်ဓာတ်လည်း ရှိကြပါတယ်။ ကိုယ့်ဘက်ကလည်း ဘာမှပြန်ပြီးမပေးနိုင်ဘူး။ ဘယ်လို လက်ဆောင်ပေးလိုက်ရမလဲမသိဘူး။ ကျွန်မကပေးချင်ပေမယ့် လယ်လုပ်နေရတော့ စားရေးသောက်ရေးတောင် အဆင်မပြေဘူး။ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က စေတနာမေတ္တာတွေနဲ့ ဒီလိုလာရောက် ဆေးကုသပေးတဲ့အတွက် အလွန့် အလွန် ဝမ်းမြောက်ကြည်နူးမိပါတယ်။ နောက်နှစ် နောက်နှစ်တွေလည်း လာစေချင်တယ်။ ကုသပေး စေချင်တယ်။ အခုလိုစီစဉ်ပေးတဲ့ တပ်မတော်အကြီးအကဲနဲ့တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
ဦးခင်ဇော်၊ တလုတ်ကုန်းကျေးရွာ၊ မြန်အောင်မြို့
ကျွန်တော် ခါးမကောင်းလို့ပါ။ ခါးက တော်တော်နာနေတာ တော်တော်ကြာပြီ။ အခုလို နယ်လှည့်ဆရာဝန်ကြီးတွေ ဒီကိုရောက်လာတော့ လာပြီးပြသခြင်း ဖြစ်ပါတယ်။ ပြသတဲ့လူတော်တော်များလည်း တွေ့ရပါတယ်။ ဝေဒနာသည်တွေက အေးအေးချမ်းချမ်းနဲ့ ပြသတာလည်း တွေ့ရပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ အခုလို တပ်မတော်က နယ်လှည့် ဆေးကုသရေးအဖွဲ့က လာရောက်ဆေးကုသပေးတာကတော့ အခမဲ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမြို့နယ်ကို ဆေးကုသပေးတဲ့ ဆရာဝန်တွေအားလုံးကို အလွန့်အလွန်လည်း ကျေးဇူးတင်ပါတယ်။ လာရောက်ပြသကြတဲ့ သူတွေအားလုံးလည်း အားလုံးစိတ်ချမ်းသာကြပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းအားလုံးကလည်း ဝိုင်းဝန်းပြီးတော့ စောင့်ရှောက်ပေးပါတယ်။ မသိတဲ့နေရာကိုလည်း သိအောင်လိုက်ပြပေးပါတယ်။ ဘယ်လိုပြောရမှန်းတောင် မသိ အောင်ဖြစ်နေပါတယ်။ ဝမ်းသာလွန်းအားကြီးလို့။
သတင်းစဉ်
