ရန်ကုန် နိုဝင်ဘာ ၉
မြန်မာ့အင်ဂျင်နီယာ ပညာရေးဦးသျှောင်ဖြစ်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြု တက္ကသိုလ်ကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယင်းတက္ကသိုလ်၌ National Conference on Science and Engineering (2023) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အရည်အသွေးအသိအမှတ်ပြုရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ယနေ့ခေတ်၌ သိပ္ပံနှင့် နည်းပညာရပ်များသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်နေသဖြင့် မိမိတို့သည်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဆက်စပ်ဌာန/ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ကာ ပေါကြွယ်ဝသော သယံဇာတရင်းမြစ်များကို အကျိုးရှိရှိ အသုံးချ ၍ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ကို ပီပြင်စွာ ဖော်ဆောင်ပေးမည့် သုတေသနများ ရှေးရှုဆောင်ရွက်ရင်း University Ranking မြင့်မားစေရေး ဆောင်ရွက်ရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်ရန်အတွက် သုတေသနရလဒ်များအား လက်တွေ့ကျကျ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စာတမ်းများ အရည်အသွေးမြင့်မားစေရေး အစဉ်ဆောင်ရွက်သွားရန် ပြောကြားသည်။ ထို့နောက် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်က နှုတ်ခွန်းဆက်စကားနှင့် Keynote Speaker များက ဟောပြောကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် Keynote Speaker များကို ဂုဏ်ပြုလွှာများ ပေးအပ်ပြီး စာတမ်းရှင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် Parallel Session များတွင် သုတေသနစာတမ်းရှင်များက စာတမ်းဖတ်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ပင်မဆောင်တွင် 20 kW Solar Hybrid System တပ်ဆင်ပြီးစီးမှု၊ စာကြည့်တိုက်မွမ်းမံပြင်ဆင်ပြီးစီးမှု၊ လိပ်ပြာတောင်နှင့် ကျောင်းသားအဆောင်များတွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံဖွံ့ဖြိုးရေး တစ်တပ်တစ်အားဖြစ်စေမည့် အရည်အသွေးပြည့်ဝ၍ ကျင့်ဝတ်ကောင်းမွန်သော အင်ဂျင်နီယာနှင့် ဗိသုကာများကို မွေးထုတ်ပေးလျက်ရှိပြီး တိုင်းကျိုးပြည်ပြု သုတေသနများကို အလေးထား ဆောင်ရွက်လျက်ရှိကာ ၂၀၀၈ ခုနှစ်မှ စတင်ပြီး National Conference on Science and Engineering များကို အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည် နှစ်ပိုင်းခွဲ၍ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ် တို့၌ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်