Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံ‌ရေးပါတီများမှ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပါတီတာဝန်ခံများ တွေ့ဆုံ

မကွေး နိုဝင်ဘာ ၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် မကွေးတိုင်းဒေသကြီးနယ်မြေအတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပါတီတာဝန်ခံများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ လုံခြုံရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အုပ်ချုပ်‌ရေးမှူးများ၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အတွင်းရေးမှူးများ၊ ဝန်ထမ်းများ၊ ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ အမျိုးသားနိုင်ငံ‌ရေး ဒီမိုကရက်တစ်ပါတီတို့မှ တိုင်းဒေသကြီး အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပါတီတာဝန်ခံများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ရက်‌ပေါင်း ၆၀ အတွင်း ယခင်နိုင်ငံ‌ရေးပါတီ ၅၀ က မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခဲ့ပြီး ပါတီအသစ် ၁၄ ပါတီ လျှောက်ထားလာခဲ့ရာ စုစုပေါင်းပါတီမှတ်ပုံတင်ခွင့် လျှောက်ထားလာသည့် ပါတီ ၆၄ ပါတီ အနက် ၃၉ ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံ‌ရေးပါတီများအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား အနည်းဆုံး ၁၀၀၀၀၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း။

အားကောင်းသောပါတီများဖြစ်ရန် လိုအပ်

ထို့အတူ မှတ်ပုံတင်ခွင့်ရသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံးသတ်မှတ်ထားသည့် ရုံးခန်းအရေအတွက်ကို ဖွင့်လှစ်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ‌ရေးပါတီထူထောင်ရာတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀၀၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ထားရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံ‌ရေးပါတီများ ထူထောင်ရာတွင် စနစ်တကျဖြစ်စေရန် ကော်မရှင်မှ ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံရန် နိုင်ငံ‌၏အုပ်ချုပ်‌ရေးနှင့် ဥပဒေပြု‌ရေးလုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့် သူများဖြစ်လာမည်ဖြစ်၍ ဥပဒေနှင့်အညီ ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီများဖြစ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်‌ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန်ဖြစ်စေရေး၊ မဲမသမာမှုများ မဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး အများပြည်သူများအနေဖြင့် မဲပေးရာတွင် လွယ်ကူရိုးရှင်းစွာ မဲပေးနိုင်ရန်နှင့် ပြောင်းလဲကျင့်သုံးမည့် PR စနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို မြန်မာနိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် ထီထွင်ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများထူထောင်ရာတွင် ပါတီဝင်အင်အား၊ ပါတီရုံးခန်းများဖွင့်လှစ်ခြင်း၊ ရန်ပုံငွေထိန်းသိမ်းခြင်း စသည့်လုပ်ငန်းစဉ်များနှင့် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ဥပ‌ဒေနှင့်အညီ မှန်မှန် ကန်ကန် တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဥပဒေနှင့်အညီ မှန်ကန်စေရေး

ထို့နောက် တက်‌ရောက်လာကြသည့် နိုင်ငံ‌ရေးပါတီများမှ တိုင်းဒေသကြီးပါတီတာဝန်ခံများက ပါတီဝင်အင်အားစာရင်းများ ဥပဒေနှင့်အညီ မှန်ကန်စေရေးအတွက် စစ်‌ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်