ပွင့်ဖြူ နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သန်း ၂၀၀ ပံ့ပိုးငွေရယူ၍ ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်တွင် GW- 11 စပါးမျိုး ဧက ၄၀၊ ဆာဖိုးသာစပါးမျိုး ဧက ၆၀၊ ပေါ်ဆန်းရင်ဧက ၁၀၀၊ မင်းဘူး (စကု)မြို့နယ် ကျောက်စံကျေးရွာ၌ GW- 11 စပါးဧက ၁၀၀၊ ဧရာမင်းစပါးဧက ၂၀၀ တို့ကို ခြောက်တန်း တစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးထားရှိသည်။
အသင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေ ရယူဆောင်ရွက်ခြင်းဖြင့် အသင်းဝင်တောင်သူများသာမက Contract Farming စနစ်ဖြင့် ဆောင်ရွက်နေသောတောင်သူများ အဆင့်မီစပါးမျိုးများ ရရှိနိုင်ရေးအတွက် GW- 11၊ ဆာဖိုးသာ၊ ပေါ်ဆန်းရင်၊ ဧရာမင်းစပါးမျိုးများကို ကြိုတင်ထုတ်ပေးခြင်း၊ မျိုးစေ့ထုတ်လုပ်မှုနည်းပညာများ ကူညီဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးထွန်ယက်ချိန်တွင် မြေယာပြုပြင်ရန်အတွက် လိုအပ်သော စိုက်ပျိုးစရိတ်များကို ကြိုတင်ထုတ်ပေးခြင်း၊ မြေဩဇာနှင့် ပိုးသတ်ဆေးများကို သီးနှံပေါ်ပေးစနစ်ဖြင့် ကူညီပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းကောင်းများကို မျှဝေဆောင်ရွက်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် စပါးရိတ်သိမ်းပြီးပါက ထွက်ရှိလာမည့် မျိုးစပါးအစိုများကိုလည်း ကာလပေါက်ဈေးဖြင့် ပြန်လည်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
