နေပြည်တော် နိုဝင်ဘာ ၈
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ Mr. SHATIROV Alexander Sergeevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများ၊ ကုန်းတွင်းနှင့် ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် နည်းပညာဆိုင်ရာ အထောက်အပံ့ရရှိရေးနှင့် Digital Monitoring Software အသုံးပြုနိုင်ရေး၊ အထွက်နှုန်းကျဆင်းနေသည့် ကုန်းတွင်းရေနံမြေများနှင့် အလားအလာကောင်းများရှိသော ရေနံမြေများတွင်
ရုရှားကုမ္ပဏီများနှင့်ပူးပေါင်း၍ အထွက်နှုန်းတိုးမြှင့်နိုင်ရေး၊ ကျောက်မီးသွေးသိုက်များအတွင်း ခိုအောင်းနေသည့် သဘာဝဓာတ်ငွေ့များအား တိုက်ရိုက်ထုတ်ယူခြင်း(Coal bed Methane)နှင့်စပ်လျဉ်း၍ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများကူညီပံ့ပိုးပေးနိုင်ရေး၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီပံ့ပိုးပေးနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်