နေပြည်တော် နိုဝင်ဘာ ၈
ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၂၉၇ ဦး၊ ခွဲစိတ်ရောဂါ ၆၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၉ ဦး၊ ကလေး ရောဂါ ၆၀၊ အရိုးရောဂါ ၁၁၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၂၀၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၄ ဦး၊ ဓာတ်မှန် ရိုက်လူနာ ၅၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၀၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၅၇ ဦး စုစုပေါင်း ၉၂၁ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁၁ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ မျက်စိခွဲစိတ်လူနာများအား ဆေးမျက်မှန်များ တပ်ဆင်ပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့ပြင် ဆေးဝါးလာရောက်ကုသမှုခံယူသည့် ဒေသခံပြည်သူများအား နေ့လယ်စာကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ယခုကဲ့သို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုကြားသိခဲ့ရသည် -
ဒုတိယဗိုလ်မှူးကြီး ထွန်းသူရ
ဒုတိယဌာနချုပ်မှူး
ပမ္မဝတီရေတပ်စခန်းဌာနချုပ်
အခမဲ့ဆေးကုသမှုရရှိရန် ပမ္မဝတီရေတပ်စခန်းဌာနချုပ်အနေနဲ့ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) လာရောက်မယ်ဆိုတာ သိရှိရတဲ့အချိန်မှာ ကျွန်တော်တို့ ဒီဟိုင်းကြီးကျွန်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူတွေကို ကြိုတင်အကြောင်းကြားမှုတွေဆောင်ရွက်ခဲ့ပါတယ်။ အလားတူ ဆေးကုသမယ့်အဖွဲ့တွေ လာရောက်ချိန်မှာ သက်သက်သာသာနဲ့နေထိုင်နိုင်ဖို့ နေရာထိုင်ခင်းတွေပြင်ဆင်ခြင်းနဲ့ နေ့စဉ်လာရောက် ဆေးကုသတဲ့သူတွေကိုလည်း ဌာနချုပ်အနေနဲ့ လူ ၅၀၀ စာ လောက်ကို အခမဲ့ကျွေးမွေးဆောင်ရွက်လျက်ပါတယ်။ ဒါတင်မကပါဘူး။ ဆေးလာကုသတဲ့သူတွေ သွားရေးလာရေး အဆင်ပြေစေရေးအတွက် ဌာနချုပ်အနေနဲ့ ကားတွေစီစဉ်ပြီးတော့ သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဆေးရုံဆင်းလူနာတွေ ပြန်ဖို့အတွက် အခက်အခဲရှိတယ်ဆိုရင်လည်း မိမိတို့ဌာနချုပ်အနေနဲ့သင်္ဘော၊ လှေတွေစီစဉ်ပြီး ရပ်ရွာအရောက် ပြန်လည်ပို့ဆောင်စီစဉ် ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ ဟိုင်းကြီးကျွန်းဒေသဟာ လမ်းပန်းဆက်သွယ်ရေးအရခက်ခဲတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ရောဂါတစ်ခုခုဖြစ်ပြီဆိုလို့ရှိရင် ဆေးရုံတက်ရောက်ကုသဖို့အတွက် သွားရေးလာရေးမှာများစွာအခက်အခဲရှိပါတယ်။ အခုလို တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့(သံလွင်)နဲ့ ကျွန်တော်တို့ ဟိုင်းကြီးကျွန်းဒေသကို လာရောက်ဆေးကုသပေးတဲ့အတွက် ဒေသခံပြည်သူများကိုယ်စား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တကွ တာဝန်ရှိသူတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
မစန်းစန်းအေး
ကျုံကူးကျေးရွာ
ဟိုင်းကြီးကျွန်းမြို့
တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့ဟာ ဟိုင်းကြီးကျွန်းမြို့ကို လာရောက်ဆေးကုသတယ် ဆိုတဲ့သတင်းကြားလို့ လာရောက်ဆေးကုသခြင်းဖြစ်ပါတယ်။ ကျွန်မရဲ့ရောဂါက နှစ်နှစ်လောက်ရှိပါပြီ။ ကျွန်မရဲ့ရောဂါက အသားလုံးရှိတဲ့အတွက် ဆရာဝန်ကြီးတွေနဲ့ပြကြည့်တဲ့အခါမှာ ဆရာဝန်ကြီးတွေက ခွဲစိတ်ဖို့ ပြောပါတယ်။ အဲဒီအချိန်မှာ ကျွန်မအနေနဲ့ ရုတ်တရက်သိလိုက်ရတဲ့အချိန်မှာ အလွန်စိတ်လှုပ်ရှားနေပါတယ်။ ဆရာဝန်ကြီးတွေက နွေးထွေးစွာကြိုဆိုပြီး ဘာမှမဖြစ်ဘူး။ ခွဲစိတ်မှုအောင်မြင်မှာပါ။ မစိုးရိမ်ပါနဲ့ဆိုပြီး နွေးနွေးထွေးထွေးပြောဆိုခဲ့တဲ့အတွက် ကျွန်မအနေနဲ့ အလွန်အားရှိသွားပါတယ်။ ကျွန်မကြောက်နေမှန်း သိတော့ ဆရာဝန်ကြီးတွေက မကြောက်ဖို့ အားပေးစကားပြောတယ်။ တကယ်တမ်းခွဲစိတ်လိုက်တဲ့အခါမှာ ဆရာဝန်ကြီးတွေရဲ့ အပြုံးမျက်နှာ၊ နွေးနွေးထွေးထွေးနဲ့ ဆက်ဆံမှုကိုမြင်လိုက်တဲ့အခါ ကျွန်မရဲ့ရောဂါဟာ ယူပစ်သလို ပျောက်ကင်းသွားတယ်လို့ ခံစားရပါတယ်။ အဲဒီအတွက်လည်း ဆရာဝန်ကြီးအားလုံးကို ကျေးဇူးတင်မိပါတယ်။ ဟိုးအရင်တုန်းကဆိုရင် ကျွန်မတို့ရွာမှာ ငွေရေးကြေးရေးအခက်အခဲကြောင့် မသေသင့်ဘဲ သေသွားတဲ့သူလည်းရှိပါတယ်။ အဲဒီအတွက်လည်း ကျွန်မစိတ်ထဲမှာ အလွန်ကိုခံစားရပါတယ်။ စိတ်မကောင်းလည်း အလွန်ဖြစ်မိပါတယ်။ အခုလို တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျွန်မတင်မဟုတ်ဘူး။ ဒေသခံပြည်သူအားလုံးကို လူမျိုးမရွေး၊ ဘာသာမရွေးတစ်စိတ်တည်း၊ တစ်ဝမ်းတည်း နွေးနွေးထွေးထွေးနဲ့ ကုသပေးတဲ့အတွက် ကျွန်မအနေနဲ့ အလွန်ကျေးဇူးတင် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မတို့ရွာက ဆေးလာကုဖို့အခက်အခဲဖြစ်နေတဲ့ ဒေသခံပြည်သူတွေကို သွားရေးလာရေးကို အကြိုအပို့လုပ်ပေးတဲ့အပြင် ထမင်းလည်းကျွေးတယ်။ ဆေးလည်းအလကားပေးတယ်။ ခွဲစိတ်တဲ့ လူနာတွေအတွက်လည်း မေတ္တာစေတနာနဲ့ ကုသပေးတဲ့အတွက် ကျွန်မအနေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မရဲ့ရောဂါက အပြင်မှာကုမယ်ဆိုရင် ပိုက်ဆံအများကြီးကုန်မှာ ကျွန်မအနေနဲ့လည်းမတတ်နိုင်ဘူး။ အခုလို နယ်လှည့်ဆေးကုသရေးအဖွဲ့နဲ့ အောင်မြင်စွာကုသပေးတဲ့အတွက် ကျွန်မအနေနဲ့ဝမ်းမြောက် ဝမ်းသာကြည်နူးဖြစ်မိပါတယ်။ အခုလိုကျွန်မလိုရောဂါတွေ ပျောက်အောင်စေလွှတ်ပြီးစီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေကို အလွန်ကျေးဇူးတင်မိပါတယ်။ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ဟာ ဆေးကုသပေးတဲ့အပြင် နောက်ထပ် ဒေသခံပြည်သူတွေအားလုံးကိုလည်း မကြာမကြာလာရောက် ဆေးကုသပေးပါလို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။
သတင်းစဉ်
