နေပြည်တော် နိုဝင်ဘာ ၈
လုပ်ငန်းစီမံကိန်းစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် အသိပညာမျှဝေခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများနှင့် ဖိတ်ကြားထားသည့် MSME လုပ်ငန်းရှင်များ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကို ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ဆောက်လုပ်ရေး၊ အိုင်တီ၊ စျေးကွက်ချဲ့ထွင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ငွေကြေးနှင့်အခြားအရာများအပါအဝင် လုပ်ငန်းနယ်ပယ်အသီးသီး၌ လုပ်ငန်းစီမံကိန်းစီမံခန့်ခွဲမှုကိစ္စရပ်ကို အသုံးချဆောင်ရွက်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းသို့တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များနှင့် အရာထမ်းသင်တန်းသားများအနေဖြင့် လုပ်ငန်းစီမံကိန်းစီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို သေချာစွာလေ့လာပြီး မိမိတို့၏လုပ်ငန်းခွင်များတွင် စနစ်တကျ ပြန်လည်အသုံးပြုသွားရန်လိုကြောင်း၊ နိုင်ငံတော်၏ ဦးစားပေးမူဝါဒအရဆောင်ရွက်မည့် စီးပွားရေးကဏ္ဍများကို စီမံခန့်ခွဲမှုစွမ်းရည်ဖြင့် ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးများက လုပ်ငန်းစီမံကိန်းတွင်ပါဝင်သည့် ကန့်သတ်ချက်များကို ဟန်ချက်ညီအောင်ဆောင်ရွက်ရမည့်အချက်များ၊ လုပ်ငန်းစီမံကိန်းစီမံခန့်ခွဲမှုနည်းစနစ်များ၊ အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းစီမံကိန်းစီမံခန့်ခွဲမှု၊ လုပ်ငန်းစီမံကိန်းနှင့်ပတ်သက်သည့်ဆက်စပ်မှုများ၊ အတတ်ပညာနှင့်ပတ်သက်သည့် ကျင့်ဝတ်များ၊ ပေါင်းစပ်စီမံခန့်ခွဲမှု၊ နယ်ပယ်စီမံခန့်ခွဲမှု၊ အချိန်၊ ကုန်ကျစရိတ်နှင့် စွန့်စားမှုစီမံခန့်ခွဲမှုတို့ကို ဆွေးနွေးပို့ချကြပြီး တက်ရောက်လာကြသော အရာထမ်းများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်