နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးဦးတည်ချက် ဒုတိယအချက်ဖြစ်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အား မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းကို အားပေးဆောင်ရွက်ကာ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်စည်ပြပွဲများကျင်းပခြင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်း TALK SHOW များ ကျင်းပခြင်း၊ နည်းပညာများ လွှဲပြောင်းပေးခြင်း၊ စီးပွားရေးဆိုင်ရာ တွေ့ဆုံပွဲနှင့် ပြပွဲများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ ငွေကြေးဆိုင်ရာ သုံးစွဲခွင့် MSME မှတ်ပုံတင်ခြင်း၊ လုပ်ငန်းလမ်းညွှန်အကြံပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် MSME များ အရှိန်အဟုန်ဖြင့် ကြီးပွားတိုးတက်လာပါက နိုင်ငံ့စီးပွားရေးမှာလည်း မြင့်မားလာမည်ဖြစ်သည်။
အသေးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် One Region One Product (OROP) ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု အစီအစဉ်သည် ကျေးလက်နေ မိသားစုဝင်ငွေတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ အသက်မွေးဝမ်းကျောင်း ပိုမိုခိုင်မာလာစေရေးနှင့် ကျေးလက်နေပြည်သူများစီးပွားရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ပေးနိုင်သည်။ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခုလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသော မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာရှိ “ဈာန်”သဘာဝ-ဓနိဖူးခြောက်လုပ်ငန်းလုပ်ကိုင်နေသော ဦးသိန်းနိုင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။
မေး။ ။ဓနိဖူးခြောက်လုပ်ငန်းကို ဘယ်အချိန်က စဆောင်ရွက်ဖြစ်ပါသလဲ။
ဖြေ။ ။၂၀၁၆ ခုနှစ်က စတင်လုပ်ဆောင်ပြီး ဈေးကွက်ထဲကို ၂၀၂၀ ပြည့်နှစ်က စတင်ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ထုပ်ပိုးမှုပုံစံ ပြောင်းလိုက်မှ ရောင်းအားတက်လာပါတယ်။
မေး။ ။ဓနိဖူးခြောက် ထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းကို ဘယ်လိုရရှိပါသလဲ။
ဖြေ။ ။ကိုယ်ပိုင်ဓနိခြံ ဧက ၈၀ ရှိပါတယ်။ အဲဒီက ရတာပါ။
မေး။ ။ဓနိဖူးခြောက်ကို ဘယ်ကာလတွေမှာ ထုတ်လုပ်ဖြစ်ပါသလဲ။
ဖြေ။ ။ဓနိဖူးခြောက်ကို ဒီဇင်ဘာလကနေ ဧပြီလအထိ တစ်နှစ်မှာ ငါးလဆောင်ရွက် ရပါတယ်။ ဓနိဖူးကို ခြောက်သွေ့အောင် နေလှန်းရတဲ့အတွက် နွေရာသီမှာပဲ ဆောင်ရွက်လို့ရ ပါတယ်။
မေး။ ။ ဓနိဖူးခြောက်စလုပ်ဖြစ်ပုံကို ရှင်းပြပေးပါဦး။
ဖြေ။ ။ဓနိခြံရှိတဲ့အတွက် ဓနိရဲ့အသုံးဝင်ပုံတွေကို လေ့လာပြီး သင်တန်းတွေတက်ပါတယ်။ ပညာရှင်တွေကို မေးမြန်းပြီး ဆောင်ရွက်ပါတယ်။ ဓနိတစ်ပင်လုံး အမျိုးမျိုးအသုံးပြုလို့ရပြီး အဲဒီအထဲမှာ တစ်ပင်လုံးရဲ့အသက်ဟာ ဓနိဖူးလေးဖြစ်ပါတယ်။ အင်မတန်မှ ဆေးဖက်ဝင်တဲ့အတွက် ဒီလုပ်ငန်းကို စလုပ်ဖြစ်ခဲ့ပါတယ်။ အရင်ကတော့ အိမ်မိုးတဲ့ ဓနိဖက်လုပ်ငန်းပဲ ဆောင်ရွက်တာပါ။
မေး။ ။ဓနိဖူးခြောက်ဆောင်ရွက်ပုံကို ပြောပြပေးပါရှင်။
ဖြေ။ ။ရာသီဥတုကောင်းမွန်မှသာ ဓနိပင်မှ ဓနိဖူးခုတ်ဖို့ လုပ်သားငါးဦး ငှားရမ်းပြီး ဆောင်ရွက်ရပါတယ်။ ဓနိပင်က နုန်းတင်မြေနုထဲမှာ ပေါက်တဲ့အတွက် ရေအထပ်ထပ်ဆေးပြီး ရေစစ်ထားရပါတယ်။ ပြီးရင် ပွင့်ဖတ်၊ ရိုးတံအမျိုးအစားခွဲကာ ကွမ်းညှပ်နဲ့ ပါးပါးဖြတ်ပြီး ချက်ချင်းနေလှန်းရပါတယ်။ နေလှန်းနောက်ကျပါက အရောင်ပြောင်းပြီး လေလွင့်ခြင်း၊ အာနိသင်ပျက်ခြင်း ဖြစ်ပေါ်တတ်သဖြင့် ခြောက်သွေ့ပြီး စိုထိုင်းဆမကျန်အောင် ဆောင်ရွက်ရပါတယ်။ ပြီးမှသာ ထုပ်ပိုးသိမ်းဆည်းတာတွေ ဆောင်ရွက်ပါတယ်။
မေး။ ။ဓနိဖူးခြောက်အသုံးပြုပုံကို ပြောပြပေးပါဦး။
ဖြေ။ ။သဘာဝဓနိဖူးခြောက်ကို ပုံစံနှစ်မျိုး ထုပ်ပိုးထားပါတယ်။ Net Weight– 50gm အထုပ်ကြီးတစ်ထုပ်၊ (50) gm အထုပ်သေး ၁၀ ထုပ် နှစ်မျိုးထုပ်ပိုးထားပါတယ်။ အထုပ်ကလေး တစ်ထုပ်ကို ရေတစ်လီတာစိမ်ပြီး သောက်သုံးနိုင်ပါတယ်။ အနံ့လေးသင်းပြီး သောက်ရ လွယ်ကူစေ ကာ အာမခံကာလနှစ်နှစ်ပေးထားပါတယ်။ အဲဒီကာလမှာ အရောင်မပြောင်းပါဘူး။ အမြဲသောက်သုံးပါက အရွယ်တင်နုပျိုစေပါတယ်။ (ဆီးချိုဆေးသောက်သုံးနေသူများ ဆီးချိုဆေးနှင့် တွဲဖက်သောက်သုံးရန် မသင့်ပါ။)
မေး။ ။ ဓနိဖူးခြောက်ကိုအသုံးပြုပါက ကျန်းမာရေးအထောက်အကူပြုပုံလေးကို သိပါရစေရှင့်။
ဖြေ။ ။ဓနိဖူးခြောက်ရေနွေးရဲ့ အာနိသင်တွေကတော့ သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီဓာတ်တွေကို ချေဖျက်နိုင်တယ်။ အစာအိမ်သမား၊ ကင်ဆာဖြစ်နေသူတွေအတွက် သက်သာစေတယ်။ ဓနိထွက်ပစ္စည်းဟာ သဘာဝအော်ဂဲနစ်ဖြစ်တဲ့အတွက် ဂျင်ဆင်းထက် ဓနိဖူးမှာ Antioxidant အဆပေါင်း ၄၄ ဆ ပိုတယ်လို့ ကိုရီးယားအစားအစာနှင့် အာဟာရပညာရှင်တွေက ဆိုပါတယ်။ ဆေးဖက်ဝင်အဖိုးတန်ရတနာတစ်ပါးဖြစ်ပြီး သိရှိသူ နည်းလှပါတယ်။ Google မှာ ရှာဖွေနိုင်ပါတယ်။
မေး။ ။သဘာဝဓနိဖူးခြောက်ကို ဘယ်ဒေသတွေ ဖြန့်ချိပါသလဲ။
ဖြေ။ ။မြန်မာတစ်နိုင်ငံလုံး ဖြန့်ချိပါတယ်။ သဘာဝဓနိဖူးခြောက်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်ကုန်စည်ပြပွဲတွေမှာ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က ကိုယ်စားလှယ်ဈေးနှုန်းနဲ့ ဖြန့်ချိဆောင်ရွက်ပေးတဲ့အတွက် ပစ္စည်းလူသိများပြီး ရောင်းအားကောင်းလာပါတယ်။ မိသားစုတစ်ပိုင်တစ်နိုင် ဆောင်ရွက်တာဖြစ်တဲ့အတွက် ဝင်ငွေလည်းတိုးပြီး စီးပွားရေးအဆင်ပြေပါတယ်။
မေး။ ။စားသုံးသူပြည်သူတွေကို ဘာပြောချင်တာရှိပါသလဲရှင်။
ဖြေ။ ။သဘာဝဓနိဖူးခြောက်ကို သောက်သုံးကြပါ။ ဝယ်ပြီးသောက်သုံးမှ မဟုတ်ပါဘူး။ ဓနိထွက်တဲ့ ဒေသတိုင်းမှာ မိမိမြို့ရွာမှာရှိတဲ့ ဓနိပင်က ဓနိဖူးခြောက်ကို ရေနွေးနဲ့သောက်သုံးနိုင်ပါတယ်။ သောက်သုံးသူတိုင်း အကျိုးအာနိသင်ကောင်းတွေ လက်တွေ့ရရှိပြီး ကျန်းမာရေးပိုမို ကောင်းမွန်ပါတယ်။
မွန်ပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် One Region One Product အစီအစဉ်ဖြင့် မိမိဒေသနှင့်ကိုက်ညီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး ပြည်တွင်းပြည်ပဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ရေး သက်ဆိုင်ရာဌာနနှင့် လုပ်ငန်းရှင်များအားလုံး ပူးပေါင်း ဆောင်ရွက်သွားပါက လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်းနှင့် သဘာဝဓနိဖူး ခြောက်အသုံးပြုခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
တွေ့ဆုံမေးမြန်း - နှင်းဆီနွယ်၊ ဓာတ်ပုံ- သူရအောင်
