Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် နိုဝင်ဘာ ၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၃၉၀၈ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၇၈၂၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နိုဝင်ဘာ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ် (၁၃၁) လမ်း ၆၁ (B) မန္တလေးစက်မှုဇုန်၌ရပ်တန့်ထားသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Nabati Wafer ထုပ် ၁၂၉၆၀ နှင့် Nyra ကော်ဖီချိုချဉ်ဘူး ၃၂၀၊ Cotton Fabric ကီလိုဂရမ် ၉၉၀၀၊ DIKLO-M Ceftriaxone Injection ပိုးသတ်ဆေးဘူး ၄၀၀ အပါအဝင် ကုန်ပစ္စည်း ၄၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁၈၀၆၄၂၅ ကျပ်) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် စက်မှုဇုန်ထုတ် Super Mandalar Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁၈၀၆၄၂၅ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နိုဝင်ဘာ ၆ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဆွမ်ပရာဘွမ်လမ်းမကြီးအနီး၌ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်သည့် Nissan Nivara တစ်စီးနှင့် Toyota Hilux တစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်  ၂၂၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေး မိုင်တိုင်အမှတ် (၅၈/၃) ဖာလုံနှင့် (၅၈/၄) ဖာလုံ၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် သုည ဒသမ ၈၂၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Ipsum တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၂၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နိုဝင်ဘာ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌  ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် မျက်နှာကြက်မီးဆိုင်း အခု ၅၀ အပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၆၉၅၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် စာရေးကိရိယာပစ္စည်းများ ဖြစ်သည့် Paper Roll ၄၃၀၀ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၂၀၀၀၀ )နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၁၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၃ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၅၄၂၄၅ ကျပ်) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်