Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၇

(၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အမှာစကားပြောကြား

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများက အားထားရသည့် အုပ်ချုပ်ရေးဌာနကြီးတစ်ခုအဖြစ် အခိုင်အမာ ဆက်လက်ရပ်တည်သွားနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြပါဟု မှာကြားလိုကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် အမျိုးသားရေးရည်မှန်းချက် (၂) ရပ်၊ နိုင်ငံရေးရည်မှန်းချက် (၂) ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို “မူဝါဒ”အဖြစ်ခံယူပြီး ကျရာအခန်းကဏ္ဍကနေ အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် ပြည်သူများကို ကူညီဆောင်ရွက်ပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဦးဆောင်ဦးရွက်ပြုရသည့် လုပ်ငန်းတာဝန်များကို ရိုင်းပင်းကူညီဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ့အကျိုးကို အစဉ်သယ်ပိုးနိုင်ပြီး အရည်အသွေးပြည့်ဝသည့် အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြ​စေလိုကြောင်း  ပြောကြားသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မှတ်တမ်း Video Clip ကို ပြသသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် သင်တန်းသား ဒုတိယဆုရရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းအောင်နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် သင်တန်းသူ ဒုတိယဆုရရှိသူ ဒုတိယဦးစီးမှူး ဒေါ်ကြယ်စင်သာအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပြီး ဝန်ထမ်းများအား တူညီဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းတွင် ပထမဆုရရှိခဲ့သည့်  ဒုတိယဦးစီးမှူး ဦးဉာဏ်ဝင်းအောင်ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် သေနတ်ပစ်ထူးချွန်ဆုရရှိခဲ့သည့် ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်ဝင်းကိုလည်းကောင်း ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်