Skip to main content

“နိုင်ငံတော်မူ မဟာဂီတကျမ်း” စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၆

“နိုင်ငံတော်မူ မဟာဂီတကျမ်း” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ရှိ စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖိတ်ကြားထားသူများ တက်ရောက်ကြ

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မဟာဂီတ သီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတမှတ်တမ်းပြုစုရေးကော်မတီဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးမောင်မောင်လတ်(နောင်)၊ ဒုတိယဥက္ကဋ္ဌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ကော်မတီဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတမှတ်တမ်းပြုစုရေး ကော်မတီဥက္ကဋ္ဌက “နိုင်ငံတော်မူ မဟာဂီတကျမ်း” နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယဥက္ကဋ္ဌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က “နိုင်ငံတော်မူ မဟာဂီတကျမ်း” ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက မဟာဂီတသီချင်း ကြီးများစိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုစုရေးကော်မတီဝင်များကို စာအုပ်များပေးအပ်သည်။

စာအုပ်များပေးအပ်

ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က မြန်မာနိုင်ငံဂီတအစည်းအရုံး၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (ရန်ကုန်)၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) နှင့် အနုပညာအထက်တန်းကျောင်း (ရန်ကုန်) တို့မှ တာဝန်ရှိသူများကို စာအုပ်များ ပေးအပ်သည်။

စာအုပ်များဝယ်ယူနိုင်

မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုစုရေးကော်မတီမှ တည်းဖြတ်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ထုတ်ဝေသော “နိုင်ငံတော်မူ မဟာဂီတကျမ်း” ကို တစ်အုပ်လျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ အမျိုးသားပြတိုက် (ရန်ကုန်)၊ အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) နှင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

သတင်းစဉ်