Skip to main content

PDF အမည်ခံအကြမ်းဖက်သမားများက စစ်တောင်းမြစ်ကမ်းဘေးရှိ သဲကွင်း၌ အလုပ်လုပ်နေသည့် ဒေသခံပြည်သူများကို Drop Bomb များဖြင့် အကြောင်းမဲ့ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ဒေသခံပြည်သူ ၄ ဦး သေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာအနီး စစ်တောင်းမြစ်ကမ်းဘေးရှိ သဲကွင်း၌ အလုပ်လုပ်နေသည့် ဒေသခံပြည်သူများကို PDF အမည်ခံ အကြမ်းဖက်သမားများက Drop Bomb များဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲပိုင်း ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာအနီး စစ်တောင်းမြစ်ကမ်းဘေးရှိ ဒေသခံပြည်သူများ အလုပ်လုပ်ကိုင်နေသည့် သဲကွင်းနေရာသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အမြင့်မီတာ ၅၀၀ ခန့်အကွာမှ Drop Bomb များဖြင့် အကြောင်းမဲ့ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အေးချမ်းစွာ အလုပ်လုပ်ကိုင်လျက်ရှိသော အပြစ်မဲ့ဒေသခံပြည်သူအမျိုးသား ၄ ဦး သေဆုံးပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး၊ ပေါင်း ၆  ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ဝေါမြို့နယ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအား သေဆုံး၊ ဒဏ်ရာရရှိအောင် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။