Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ နန်နင်းမြို့၌ကျင်းပသည့် အာဆီယံ-တရုတ်ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

နေပြည်တော် နိုဝင်ဘာ ၆

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ နိုဝင်ဘာ ၃ ရက်မှ ၄ ရက် အထိကျင်းပသည့် အာဆီယံ-တရုတ် ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာဆိပ်သို့ ရောက်ရှိစဉ် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား တရားဝင် အလုပ်အကိုင် ရရှိရေးနှင့် တရားမဝင်သွားရောက်မှု လျော့နည်းပပျောက်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးအပြည့်အဝရရှိရေး၊ ကာကွယ်စောင့်ရှောက်မှု တိုးမြှင့်ရေးနှင့် သတင်းအချက်အလက်များ စုဆောင်းနိုင်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ရှိ ပြည်ပဆိုက်ရောက်၊ ထွက်ခွာနေရာတို့၌ ဖွင့်လှစ်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ သတင်းပို့နေရာ(Myanmar Migrant Workers’ Reporting Counter) များတွင် ပြည်ပနိုင်ငံများသို့ Job Passport(PJ) ကိုင်ဆောင်ထွက်ခွာမည့်သူများအား ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့်အညီ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) ကိုင်ဆောင်မှု ရှိ၊ မရှိနှင့် ယင်းကတ်ပြားအား အတု၊ အစစ်ခွဲခြားစစ်ဆေးမှု ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာမွေ မြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမား ဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်၍ ဆေးရုံကြီးပရဝဏ်နှင့် ဝန်ထမ်းအိမ်ရာ များအတွင်း သန့်ရှင်းသပ်ရပ်ရေးနှင့် စိမ်းလန်းသာယာရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်