Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တရုတ်နိုင်ငံ Chongqing မြို့၌ ကျင်းပသည့်The Belt and Road Conference on Science and Technology Exchange ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၆

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကကြီးမှူး၍ တရုတ်နိုင်ငံ Chongqing မြို့၌ ကျင်းပသည့် “The Belt and Road Conference on Science and Technology Exchange” ဖွင့်ပွဲအခမ်းအနားသို့ ဒေသတွင်းသိပ္ပံနှင့် နည်းပညာဝန်ကြီးများနှင့်အတူ တက်ရောက်သည်။

ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ငယ်ရွယ်သော သိပ္ပံ ပညာရှင်များအတွက် ကျင်းပသော “The Belt and Road Forum” ၌ လူငယ်သိပ္ပံပညာရှင်များနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံပြီး ယနေ့လူငယ်ပညာရှင်များ၏ စွမ်းဆောင်ရည်၊ သုတေသနနှင့် တီထွင်ဖန်တီးနိုင်မှုသည် အနာဂတ်ကမ္ဘာနှင့် လူသားများအတွက် အလွန်အရေးပါကြောင်း၊ လူငယ်သိပ္ပံပညာရှင်များ အနေဖြင့် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ကမ္ဘာနှင့်လူသားများအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေရန် ဦးတည်ဆောင်ရွက်ရင်း မိမိတို့၏ စုပေါင်းအားနှင့် စွမ်းဆောင်ရည်များကို ပိုမိုကောင်းမွန်စေခြင်းကြောင့် ကြိုး ပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒေသတွင်းသိပ္ပံနှင့် နည်းပညာဝန်ကြီးများအစည်း အဝေးသို့တက်ရောက်ကာ “သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပိုမိုနီးကပ်သော ဆောင်ရွက်မှုတည်ဆောက်ခြင်း” အကြောင်းအရာနှင့် “တီထွင်ဆန်းသစ်မှုဖြင့် မောင်းနှင်သော ဖွံ့ဖြိုးတိုးတက်မှု ဆီသို့” အကြောင်းအရာတို့ကို အပြန်အလှန်ဆွေးနွေးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီး H.E Prof. YIN Hejun က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ ဒေသတွင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးများနှင့် အတူတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်