နေပြည်တော် နိုဝင်ဘာ ၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ယနေ့နံနက်ပိုင်းတွင် ပထမအကြိမ် မြန်မာ- ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ပြုလုပ်ရန် ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က Russian Pacific Fleet စစ်ရေယာဉ်အုပ်စုမှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဂုဏ်ပြု တပ်ဖွဲ့ဖြင့်ကြိုဆိုမည့် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV နှင့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်တို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးပြီး Russian Pacific Fleet စစ်ရေယာဉ်အုပ်စုမှ ဂုဏ်ပြုတပ်ဖွဲ့၏ နှစ်နိုင်ငံနိုင်ငံတော်တေးသီချင်း ဖြင့် ဂုဏ်ပြုကြိုဆိုအလေးပြုခြင်းကို ခံယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားစစ်ရေယာဉ် Admiral Tributs သို့ တက်ရောက်ရာ စစ်ရေယာဉ်မှူး 2nd rank Igor N.TOLBATOV က ကြိုဆိုသည်။
ဆွေးနွေးပြောကြား
ဆက်လက်၍ သင်္ဘောပေါ်ရှိ စစ်ရေယာဉ်၏ စက်ပိုင်းဆိုင်ရာနှင့် တပ်ဆင်ထားသည့် ကာကွယ်ရေးဆိုင်ရာ လက်နက်များ၏စနစ်များနှင့် စွမ်းရည်များ၊ ခေတ်မီစနစ်များ တပ်ဆင်ထားရှိသည့် အခြေအနေများ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်ဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်စစ်ရေယာဉ်ပေါ်၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
လက်မှတ်ရေးထိုး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရုရှားစစ်ရေယာဉ် Admiral Tributs ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး ရုရှားရေတပ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)တို့က ပထမအကြိမ် မြန်မာ - ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း 1th MYANMAR- RUSSIA MARITIME SECURITY EXERCISE (MARUMEX) ဖွင့်ပွဲ အထိမ်းအမှတ်ခေါင်းလောင်းနှင့် အထိမ်းအမှတ်တံဆိပ်တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ ပေးအပ်သည်။
အထိမ်းအမှတ်တံဆိပ်ပေးအပ်
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က စစ်ရေယာဉ်မှူးထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်ကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။ ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ရုရှားရေတပ် သံစုံတီးဝိုင်းအဖွဲ့က တေးသီချင်းများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြသည်။
ဂုဏ်ပြုနေ့လယ်စာ သုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ရုရှားရေတပ် သံစုံတီးဝိုင်းအဖွဲ့အား ချီးမြှင့်ငွေများ ပေးအပ်ပြီး ရုရှားစစ်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အရာရှိ၊ စစ်သည်များအတွက် မြန်မာ့တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာ အသီးအနှံ များကိုပေးအပ်ရာ စစ်ရေယာဉ်မှူး က လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်ပေါ်မှ ပြန်လည်ထွက်ခွာရာ ရုရှားစစ်ရေယာဉ် ဂုဏ်ပြုတပ်ဖွဲ့က အလေးပြု၍ ဂုဏ်ပြုပို့ဆောင်နှုတ်ဆက်သည်။
အဆိုပါ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Aleksei Anciferov ဦးစီး၍ အရာရှိ၊ စစ်သည်များ လိုက်ပါလာပြီး မြန်မာ - ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး မြန်မာ့တပ်မတော်ယဉ်ကျေးမှု အဖွဲ့နှင့် ရုရှားရေတပ်သံစုံ တီးဝိုင်း အဖွဲ့ ဖျော်ဖြေပွဲအခမ်းအနားကိုကျင်းပခြင်း၊ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာ လည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း (MARUMEX) ကို ပြုလုပ်သွားမည် ဖြစ်သည်။
ပထမအကြိမ် မြန်မာ - ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ကို မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာတွင် မြန်မာ့တပ်မတော်(ရေ)နှင့် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ်များဖြင့် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
