နေပြည်တော် နိုဝင်ဘာ ၆
မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍ မြန်မာ− ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေး မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှား ရေတပ်သံစုံတီးဝိုင်းအဖွဲ့ ဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr.Iskandar Azizov၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဖျော်ဖြေပွဲတွင် မြန်မာ−ရုရှားနှစ်နိုင်ငံ ချစ်ကြည်ရေး မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှားရေတပ်သံစုံတီးဝိုင်အဖွဲ့တို့မှ အနုပညာရှင်များက ဖျော်ဖြေကြရာ ရုရှားရေတပ်သံစုံ တီးဝိုင်းအဖွဲ့က ရုရှားသီချင်းများ၊ အကအလှများအပါအဝင် မြန်မာတေးသီချင်းကို လည်းကောင်း၊ မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ မြဝတီတေးဂီတ အဖွဲ့က ဆန်းသစ်လှပ ပုဂံယိမ်းအကအပါအဝင် ရုရှားတေးသီချင်းဖြစ်သည့် Katyuha သီချင်းနှင့် Kalinka တေးသီချင်းတို့အား မြန်မာ့ရိုးရာတူရိယာပစ္စည်းများဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် မြိုင်ဆိုင်စွာတီးခတ်ပြီး ရုရှားတေးသီချင်းဖြစ်သည့် Ar Thi Na Si Me Yar ကို သီဆို၍ လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြသည်။
ဖျော်ဖြေမှုများအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရုရှားရေတပ်သံစုံတီးဝိုင်း အဖွဲ့အားလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ မြဝတီတေးဂီတအဖွဲ့အား လည်းကောင်း ဂုဏ်ပြုပန်းခြင်းများနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး နှစ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။