Skip to main content

အကြိမ်(၆၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

နေပြည်တော်   နိုဝင်ဘာ   ၆

၂၀၂၃ ခုနှစ်၊ အကြိမ်(၆၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကိုယ်စား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ တပ်မတော်ဘောလုံး အကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်   အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားတိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဒုတိယအဆင့် အုပ်စုပတ်လည်(က)အဆင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

အဆိုပါ အကြိမ်(၆၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲကို (က)အဆင့် အသင်း ၁၆ သင်းဖြင့် အောက်တိုဘာလ ၂၀ ရက်မှစ၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ ဇုန်(၄)ဇုန်၌ ပထမ အဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ ပထမအဆင့်အုပ်စု ပတ်လည် ပြိုင်ပွဲများတွင် ဇုန်အသီးသီးအလိုက် ပထမနှင့် ဒုတိယ ရရှိကြသည့်(က)အဆင့် ၈ သင်းနှင့် ဒုတိယအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲမှ စတင် ယှဉ်ပြိုင်ကစားမည့် (ခ)အဆင့် ၈ သင်း စုစုပေါင်း ၁၆ သင်းတို့ဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဒုတိယအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲမှစ၍ အကြိုဗိုလ်လုပွဲ၊ တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို နေပြည်တော်၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။