နေပြည်တော် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝရွာသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ များက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေး အဖွဲ့သည် ချောင်းဝရွာရှိ Cyclone Shutter ၌အခြေပြု၍ အဆိုပါရွာနှင့် ပတ်ဝန်းကျင်ရွာများမှ ဒေသခံပြည်သူ ၁၁၂၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၃၉၂ ဦး၊ ခွဲစိတ်ရောဂါ ၉၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၉ ဦး၊ ကလေးရောဂါ ၅၆ ဦး၊ အရိုးရောဂါ ၁၀၆ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၁ ဦး၊ မျက်စိရောဂါ ၂၂၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၁၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၁ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူတစ်ဦးကို နီးစပ်ရာ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ မြို့နယ်၊ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိ နေသော တပ်မတော်နှင့်ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် ဟင်္သာတမြို့ရှိ လယ်တော်ပရိယတ္တိစာသင်တိုက်၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၈၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာ ရောဂါ ၁၄၂ ဦး၊ ခွဲစိတ်ရောဂါ ၅၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၁ ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၁၉၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇၀ ဦး၊ မျက်စိရောဂါ ၄၉ ဦးနှင့် သွားရောဂါ ၃၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၁ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၂ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လာရောက်ဆေးကုသမှု ခံယူကြသော ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများကို လည်းကောင်း၊ နယ်လှည့် အထူးကုဆေးအဖွဲ့အား စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယခုကဲ့သို့ ကျန်းမာရေးဆောင်ရွက်မှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရသည် -
အရှင် သုစိတ္တ
ဒီမှာလာပြီးတော့ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ လာရောက်ပြီး ဆေးကုသ ပေးတယ်ဆိုတော့ ဦးဇင်းလာရောက်ပြသတာပါ၊ ဒူးတွေ ခြေထောက်တွေ ယောင် တာပါ၊ ပြရင်ကနေ နှလုံး EGC စွဲပါတယ်၊ ဆရာဝန်တွေနဲ့ ပြသတဲ့အခါမှာဆေးသောက်ဖို့ ဆေးတွေပေးပါတယ်၊ အခမဲ့ကုသပေးတဲ့အခါမှာကြတော့ ဆင်းရဲတဲ့သူ ချမ်းသာတဲ့သူ အကုန်လုံးလူတန်းစားမရွေး သက်ကြီးရွယ်အို ကလေးလူကြီးအကုန်လုံး လာရောက်ပြသနိုင်ပါတယ်၊ တစ်ချို့ဆိုလည်းအခက်ခဲတွေရှိကြပါတယ်၊ မျက်စီဆိုရင်လည်း မနေ့ကအဖွဲ့က ဒိနေ့အထိမပြီးကြသေးဘူးလို့ပြောပါတယ်၊ မျက်စီဆိုတာလည်းသူတို့အနေနဲ့ အရင်ကတဲ့က ပြချင်ပင်မဲ့ မပြနိုင်တာတွေရှိမှာပါ၊ ရောဂါသူနေရာနှင့် သူအစုံပြသလို ရပါတဲ့အတွက် မရျိတဲ့အများ ပြည်သူတွေအတွက် အင်မတန်မှကောင်းပါတယ်၊ ကုန်ကျစရိတ်ခံပြီး ပြည်သူတွေအတွက်နိုင်ငံတော်အကြီး အကဲတွေကို အထူးကျေးဇူးတင်ပါတယ်။
ဒေါ်ချိုချိုမိုး(ပြည်ခရိုင် ကျေးရွာ)
တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ချောင်းဝကျေးရွာကို လာရောက်ပြီးတော့ ဆေးကုသပေးတာ သတင်းကြားလို့ ပြည်ခရိုင်ကျေးရွာကနေလာပြီးတော့ မျက်စိပြသတာပါရှင့်။ မျက်စိမကောင်းပဲ ဝါးတားတားနဲ့ နေခဲ့ရတာ ငယ်ငယ်ကတည်းက နှစ် ၂၀ ကျော်ပြီပေါ့နော်။ ဆေးကုသရအောင်လည်း ငွေရေးကြေးရေးက မတတ်နိုင်ဘူး အဲ့တာကြောင့် မလို့အခုဆိုရင် တပ်မတော်နယ်လှည့်ဆေးကုသရေး အဖွဲ့ကလာရောက်ပြီးတော့ အခမဲ့ကုသပေးတဲ့ အတွက်သမီးရင်ထဲမှာ အရမ်းပဲဝမ်းသားကျေနပ်ရပါတယ်။ ပီတိဖြစ်ရပါတယ်။ ဆရာဝန်ကြီးတွေ စေတနာမေတ္တာထားပြီး ကုသပေးတဲ့အတွက် ဆရာဝန်ကြီးတွေအားလုံး ပါရဂူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ အခုလိုစီစဉ်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်ရှင့်။ နောက်ကိုလည်း ခနခနလာပြီးအခမဲ့ ဆေးကုသပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်။
