Skip to main content

ကလေးများကြိုက်နှစ်သက်သည့် လေဖောင်းမုန့်အကြောင်း တစေ့တစောင်း

စစ်ကိုင်းစက်မှုဇုန်၌ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ(၉)ရုံရှိသည့်အနက် ကလေးများကြိုက်နှစ်သက်သည့် အာလူးချောင်းလေဖောင်းမုန့် ထုတ်လုပ်သော Oriental Family စက်ရုံသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

Oriental Family မုန့်လုပ်ငန်းစက်ရုံကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စတင်လုပ်ကိုင်ခဲ့ကြောင်း သိရပါသည်။ ကုန်ကြမ်းများအဖြစ် ဆန်၊ ဂျုံ၊ ပြောင်း တို့ကိုအသုံးပြုကာ ဆန်ကို ရွှေဘိုမြို့မှဝယ်ယူပြီး၊ ဂျုံနှင့်ပြောင်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူသည်။ ထုတ်လုပ်သည့် ခေတ်မီစက်ကိရိယာများကို တရုတ်နိုင်ငံက ဝယ်ယူတပ်ဆင်အသုံးပြုပြီး၊ တစ်လလျှင် ကုန်ချောမုန့် ၄၈၀၀ ကီလိုဂရမ် ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။

အာလူးချောင်းလေဖောင်းမုန့်ပြုလုပ်ပုံအဆင့်ဆင့်မှာ ကုန်ကြမ်းများဖြစ်သည့် အာလူး၊ ဆန်၊ ဂျုံ၊ ပြောင်းတို့ကို အမှုန့်ကြိတ်စက်တွင် အမှုန့်ကြိတ်ပြီး သတ်မှတ်ထားသော အချိုးအစားအတိုင်းရောစပ်၍ မွှေစက်(Mixer)အတွင်းသို့ ထည့်၍မွှေရပါသည်။ မွှေစက်မှတစ်ဆင့် အလိုအလျောက် စက်များဖြင့် မုန့်ပုံစံဖော်သည့်စက်သို့ မုန့်မှုန့်များကို ပို့ဆောင်ကာ လိုအပ်သော ပုံစံအတိုင်းပုံစံခွက် (Mold) တပ်ဆင်၍ ပုံစံတကျထုတ်လုပ်ပါသည်။ ပုံဖော်ပြီးသော မုန့်များကို အပူပေးစက် (Oven)သို့ပို့၍ အပူပေးရသည်။ အပူပေးပြီးပါက သတ်မှတ်ထားသော နှုန်းထားအတိုင်းချိန်တွယ်၍ ဆီဖြန်းခြင်းနှင့် အရသာမှုန့် နှံ့စပ်အောင်ဖြူးခြင်းလုပ်ငန်းကို ပြုလုပ်ပါသည်။ မုန့်အရသာစံနှုန်း ကိုက်ညီပါက ထုပ်ပိုး(Packing)သည့်စက်သို့ ပို့ဆောင်ကာ သတ်မှတ်ဂရမ်အတိုင်း ထုပ်ပိုးပြီးသည့် မုန့်ထုပ်ကလေးများကို ထုတ်လုပ်ပေးပါသည်။ မုန့်ထုပ်ကလေးများကို ၁၀ ထုပ် သို့မဟုတ် ၂၀ ထုပ်ပါ အထုပ်များထပ်မံထုတ်ပြီး ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချကြောင်း သိရပါသည်။

အာလူးချောင်းကလေးများကို ခရမ်းချဉ်သီးအရသာ(အချိုနှင့်အစပ်)နှင့် ချိစ်အရသာအဖြစ် သုံးမျိုးထုတ်လုပ်ပါသည်။ စက်ရုံဈေးမှာ (သေး)တစ်ထုပ်လျှင် ကျပ်ကိုးဆယ်နှင့်(ကြီး)တစ်ရာခုနှစ်ဆယ့်ငါးကျပ်နှုန်းများဖြင့် ဖောက်သည်များထံလက်ကားဈေးနှုန်းဖြင့်ရောင်းချသည့် လေဖောင်းမုန့် ထုပ်များအား(သေး) တစ်ထုပ်လျှင် ကျပ်တစ်ရာနှင့် (ကြီး)တစ်ထုပ်လျှင် ကျပ်နှစ်ရာတို့ဖြင့် ကလေးများက ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးကြကြောင်း သိရပါသည်။ မုန့်ထုပ်လေးများကို အထုပ် ၁၀ သို့မဟုတ် အထုပ် ၂၀ ပါ တစ်ဆွဲထုပ်များကို ၁၂ ဆွဲပါ အထုပ်ကြီးများအဖြစ်ထုပ်ပြီး မုံရွာ၊ ကောလင်း၊ ပခုက္ကူ၊ မန္တလေး၊ တောင်ကြီး၊ ရန်ကုန်၊ တနင်္သာရီ စသည့် မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

စက်ရုံ၌အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၇ ဦးအား အလုပ်အကိုင်အခွင့်အလမ်းများပေးထားပြီး၊ နေ့စားလုပ်သားများကိုလည်း အခါအားလျော်စွာ ခေါ်ယူလုပ်ကိုင်ကြောင်း၊ လစာလုပ်သားတစ်ဦး တစ်လအနိမ့်ဆုံးလစာကျပ် တစ်သိန်းငါးသောင်းမှ ကျပ်သုံးသိန်းငါးသောင်းထိရရှိကြောင်း သိရပါသည်။

အာလူးချောင်း လေဖောင်းမုန့်ထုပ်ကလေးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားရာ၌ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကိုလည်း ပြည့်စုံစွာဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ ကလေးများကြိုက်နှစ်သက်သည့် ဈေးနှုန်းချိုသာစွာ စားသုံးသည့် လေဖောင်းမုန့်များကို ခေတ်မီနည်းစနစ်များဖြင့် သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးမှုပုံစံလှလှလေးဖြင့် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ များစွာပေါ်ပေါက်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)