နေပြည်တော် နိုဝင်ဘာ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကန်ပြောင်စံပြကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ကျေးရွာရှိ စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းထူထောင်ပြီး စီးပွားဖြစ်လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ကျေးရွာသူ ကျေးရွာသားများအားလုံး ပူးပေါင်းလုပ်ဆောင်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ထိုသို့ တွေ့ဆုံစဉ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောက်တန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှု၊ ရိတ်သိမ်းနေမှုနှင့် ကန်ပြောင်စံပြကျေးရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသခံပြည်သူများ၏ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်း၊ စိုက်ပျိုးရေရရှိရေးနှင့် နည်းပညာလိုအပ်မှု တင်ပြချက်များအပေါ် အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သော အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းနှင့် ရေပိုက်လိုင်းသွယ်တန်းထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ကျေးရွာအနောက်ပိုင်းရွာတွင်း လမ်းမကွန်ကရစ်ခင်းခြင်းနှင့် အုတ်စီရေမြောင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) ထောက်ပံ့ရန်ပုံငွေ အစုအဖွဲ့စနစ်ဖြင့် မွေးမြူထားသော ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)သို့ရောက်ရှိပြီး တက္ကသိုလ်ဝင်းအတွင်း အရှည်ပေ ၁၄၄၀ ရှိ အဓိပတိလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျောင်းသား ကျောင်းသူများအတွက် လက်တွေ့ပညာသင်ကြားနိုင်ရေး လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြု ယူနစ်စင်တာ တည်ဆောက်ခြင်းလုပ်ငန်းနှင့် တက္ကသိုလ်အဝင်မုခ်ဦးနှင့် ဂိတ်တံခါးပြုလုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်