ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်ရှိ သဇင်တန်ပေါက်တံတားအနီး ချောင်းအတွင်းတွင် ဝါးဖောင်များဖြင့် စီးပွားဖြစ် မွေးမြူလျက်ရှိသော ကနုကမာနှင့် ကျောက်ငါးမွေးမြူရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါ ယင်းပင်လယ်စာ ရေထွက်ကုန်အား ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးတင်ပို့ ရောင်းချလျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
အဓိကလုပ်ကိုင်နေတဲ့ ရေလုပ်ငန်း ခြောက်မျိုးရှိ
“ကျွန်တော်တို့က ကနုကမာနဲ့ ကျောက်ငါးမွေးမြူရေးလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ခုနှစ်လောက်ကစပြီးတော့ မွေးဖြစ်တာပါ။ အဓိကလုပ်ကိုင်နေတဲ့ ရေလုပ်ငန်းကတော့ ခြောက်မျိုးလောက်ရှိတယ်။ ဝယ်ရောင်းအနေနဲ့ ကျောက်ပုစွန်၊ ကင်းပုစွန်နဲ့ ကဏန်းပျော့ကို လုပ်ကိုင်ပါတယ်။ ကဏန်းပျော့ကိုတော့ ကိုယ့်ဆီမှာ ၄၅ ရက် မွေးမြူ ထားရတယ်။ ပြီးမှ ကျောက်ဖြူက အအေးခန်းစက်ရုံတွေကို သွားသွင်းပါတယ်။ ကနုကမာနဲ့ ကျောက်ငါးကို မွေးထားပြီးတော့ ရောင်းတမ်းဝင် အရွယ်ရောက်မှ ရန်ကုန်နဲ့ ငပလီတို့မှာရှိတဲ့ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်တွေနဲ့ ရေလုပ်ငန်းကုန်စည်ဒိုင်ဈေးကွက်တွေကို အဓိကထားပို့ပါတယ်”ဟု ကနုကမာမွေးမြူရေးနှင့် ရေလုပ်ငန်းလုပ်ကိုင်နေသည့် MSME အသင်းဝင် ဦးခင်အေးမောင်က ပြောသည်။
ကနုကမာမွေးမြူရာတွင် မွေးမြူနည်းနှစ်မျိုးဖြင့် မွေးမြူထားရှိကြောင်း၊ မိုခါမုန်တိုင်းတွင် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ သို့သော်လည်း လုပ်ငန်းများရပ်တန့်မနေဘဲ ဆက်လက်ရပ်တည် နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ ဒီကနုကမာကို မွေးမြူရာမှာ ကမာသားပေါက် ကောင်လေးတွေကို ဒေသခံတွေဆီက ဝယ်ယူပြီးမွေးမြူတာနဲ့ ကိုယ်တိုင်ထုတ်လုပ်ပြီး မွေးမြူတာဆိုပြီးတော့ မွေးမြူနည်းနှစ်မျိုးနဲ့ မွေးမြူပါတယ်။ ကိုယ်တိုင်ထုတ်လုပ်ပြီးမွေးမြူတဲ့ ကမာတွေကျတော့ ကမာသားပေါက်လေးတွေ ရှိနေမယ်ထင်ရတဲ့နေရာတွေကို ခန့်မှန်းပြီးတော့ ပလတ်စတစ်ခြင်း၊ ကော်ဘူး၊ သံထည်စတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကြိုးတွေနဲ့ချည်၊ ဝါးဖောင်တွေနဲ့တွဲပြီး ချထားပေးရတယ်။ လေးလလောက်ကြာရင် သူတို့တွေက အဲဒီစွန့်ပစ်ပစ္စည်းတွေထဲ မှာလာကပ်တယ်။ အဲဒီလိုလာကပ်တဲ့သားပေါက်တွေကို ပြန်ခွာပြီးတော့ ဘိလပ်မြေအတုံးလေးတွေနဲ့တွဲပြီး ရေထဲမှာပြန်ချထားပေးတယ်။ ရောင်းတမ်းဝင်အရွယ် ကမာတွေရရှိလာတဲ့အခါမှ ဈေးကွက်အတွင်းကို ပို့ပြီးရောင်းချပါတယ်။ ပြောရမယ်ဆိုရင် အခုနှစ် မိုခါမုန်တိုင်းမှာ ကျွန်တော် သိန်းငါးဆယ်လောက် ဆုံးရှုံးမှုရှိခဲ့ပါတယ်။ မိုခါမုန်တိုင်းမှာ အနောက်တောင်လေတိုက်တော့ ရေစီးသန်လာတာကြောင့် ဖောင်တွေကျိုးပြီး ပျက်ထွက်သွားတယ်။ အဲဒီမှာ ကျွန်တော်မွေးမြူထားတဲ့ ကမာကောင်တွေတော်တော်များများ ပါသွားတယ်။ အခုကာလ ပေါက်ဈေးနဲ့ဆိုရင် သိန်း ၂၀၀၊ ၃၀၀ ဖိုးလောက်ဖြစ်နေပြီ။ MSME အသင်းဝင်တစ်ယောက်အနေနဲ့ နိုင်ငံတော်က တစ်ဖက်တစ်လမ်းကနေ ငွေကြေးအကူအညီရခဲ့ရင် အတိုင်းမသိဝမ်းသာမိမှာပါ။ ကျွန်တော့် လုပ်ငန်းမှာ အလုပ်သမား ၄၀ ကျော်ရှိပါတယ်။ အနီးအနားကျေးရွာတွေက လာရောက်လုပ်ကိုင်ကြပါတယ်။ အခုလိုလုပ်ငန်းရှိတော့ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိတာပေါ့။ ဒါကြောင့် ကျွန်တော်တို့လို လုပ်ငန်းရှင်တွေ အများကြီးလိုအပ်ပါတယ်။ ဒါမှလည်း ကိုယ့်ပြည်တွင်း အလုပ်အကိုင်တွေမှာ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ကနုကမာ၊ ကျောက်ငါးနှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုမြင့်က ကျောက်ဖြူခရိုင်အတွင်း MSME လုပ်ငန်း ၁၆၁ ခုရှိကြောင်း၊ ဌာနအနေဖြင့် MSME လုပ်ငန်းများ တိုးတက်စေရန် ဒေသအတွင်းတွင်ဖြစ်စေ၊ နိုင်ငံအတွင်းတွင်ဖြစ်စေ ကျောက်ဖြူခရိုင်အတွင်းက လုပ်ငန်းရှင်များ ပါဝင်ပြီးပြသနိုင်ရန် စီစဉ်ချိတ်ဆက်ပေးကြောင်းနှင့် ဦးခင်အေးမောင်၏ ကနုကမာ၊ ကျောက်ငါးနှင့် ကဏန်း ပျော့မွေးမြူရေးလုပ်ငန်းသည်လည်း MSME လုပ်ငန်းတွင် တစ်ခုအပါဝင်ဖြစ်ပြီး ၎င်းလုပ်ငန်းမှာ စွန့်ဦးတီထွင်လုပ်ငန်းဖြစ်ကြောင်း ပြောကြားသည်။
ကနုကမာများသည် ရောင်းတမ်းဝင်အရွယ်သို့ ရောက်သောအခါ တစ်လုံးကို ငွေကျပ် ၁၅၀၀ မှ ၂၅၀၀ အထိရရှိကြောင်း၊ ကဏန်းပျော့မှာ တစ်ကီလိုလျှင် ငွေကျပ် ၁၄၅၀၀၊ တစ်ကီလိုအောက်ဆိုလျှင် ငွေကျပ် ၄၀၀၀ မှ ၁၃၀၀၀ အထိ ဈေးအစားစားရှိကြောင်း၊ ကျောက်ပုစွန်နှင့် ကင်းပုစွန်ဆိုလျှင် ငွေကျပ် ၁၅၀၀၀၀ ရှိပြီး ကျောက်ငါးဈေးမှာ တစ်ကီလိုတစ်ကောင်လျှင် ငွေကျပ် ၆၅၀၀၀ မှ ၇၀၀၀၀ အထိရရှိပြီး ဝယ်လိုအားအပေါ်လိုက်၍ ဈေးနှုန်းအပြောင်းလဲများရှိနိုင်ကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)
