ပဲခူး နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ခဲ့သော ဥပဒေရုံးများ ပြန်လည်ပြုပြင်ရန်နှင့် ရေဘေးသင့်ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း တွင် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ငွေကျပ်သိန်း ၉၀ နှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ရေဘေးကျရောက်စဉ် တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးဥပဒေအရာရှိတို့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဝန်ထမ်းများ ထိခိုက်သေဆုံးမှုမရှိဘဲ အဆောက်အအုံများ အနည်းငယ်သာ ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုတက်ကြွစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့ပြင် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်က ဥပဒေရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ရေဘေးသင့်ခဲ့သည့် ဥပဒေရုံးအဆောက်အအုံများ ပျက်စီးမှုနှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို တိုင်းဒေသကြီးဥပဒေချုပ်ထံပေးအပ်ပြီး ရေဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပဲခူးခရိုင်ဥပဒေရုံး၊ ပဲခူးမြို့နယ်ဥပဒေရုံးတို့အား ပြန်လည်ပြုပြင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
