Skip to main content

ပွင့်ဖြူမြို့နယ်၌ မြေအောက်ရေဖြင့် ဆောင်းကြက်သွန်နီ စတင်စိုက်ပျိုး

ပွင့်ဖြူ နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မြေအောက်ရေဖြင့် ဆောင်းကြက်သွန်နီကို စတင်စိုက်ပျိုးနေကြကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ၁၁၂၄ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် အောက်တိုဘာလဆန်းပိုင်းက စတင်ပြီး မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် ကြိုးပမ်းစိုက်ပျိုးခဲ့ရာ ယနေ့အထိ ဆောင်းကြက်သွန်နီစိုက်ဧက ၅၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်တွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနှံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးရေးကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်းနှင့် ဒေသခံတောင်သူများ စိုက်ပျိုးသည့် ကြက်သွန်နီမှာ ဈေးကွက်၌ အရောင်းအဝယ်ကောင်းမွန်သဖြင့် မကွေးမြို့နှင့် မင်းဘူးမြို့နယ်များသို့ ရောင်းချရသည့်အပြင် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များမှ ကုန်သည်များက ကြက်သွန်နီ လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးကောင်းပေးဝယ်ယူကြသဖြင့် ကြက်သွန်စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေ လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)